ဖားကန့် စစ်ဘေးဒုက္ခသည် သုံးထောင်နီးပါး နေရပ်ပြန်
2024.02.09

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလက ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည်တွေထဲက သုံးထောင်နီးပါးကို ဖားကန့်လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး ဒီနေ့ နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ဖားကန့်မြို့ လုံးခင်း၊ ဆိုင်းတောင်က ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ခိုလှုံနေခဲ့ကြတာဖြစ်ပြီး ဖေဖော်ဝါရီလ ၉ ရက် ဒီနေ့မနက်က နေရပ်ပြန်ပို့ခဲ့တာလို့ လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဖားကန့်မြို့ပေါ်မှာရှိနေတဲ့ ဒုက္ခသည်တွေကို ဒီနေ့ နေ့လယ်လောက်အထိ ကားတွေနဲ့ ခေါက်တုံ့ခေါက်ပြန် ပို့ပေးခဲ့တယ်။ နေရပ်ပြန်တဲ့အခါမှာလည်း ကောက်ခံရရှိထားတဲ့ အလှူငွေနဲ့ တစ်ဦးကို သုံးသောင်းစီ ထောက်ပံ့ပေးလိုက်တယ်။ အခု နေရပ်ပြန်တာက ရွာပေါင်း ခုနစ်ရွာက လူဦးရေ သုံးထောင်လောက်တော့ရှိမယ်”
အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်သေးတဲ့ ဒုက္ခသည် အနည်းအကျဉ်းရှိသလို တာမခံဘက် ထွက်ပြေးခဲ့တဲ့ ဒုက္ခသည်တွေကလည်း နေရပ်မပြန်နိုင်သေးဘူးလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ဖားကန့်မြို့အဝင်မှာရှိတဲ့ ဝှေခါဗျူဟာကုန်းစခန်းကိုနဲ့ နန့်တိန် ဗျူဟာကုန်း စခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်လည်း လေကြောင်း၊ လက်နက်ကြီးနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ သုံးသောင်းနီးပါးဟာ ဖားကန့်မြို့ပေါ်နဲ့ တာမခံဘက်ကို ထွက်ပြေးခိုလှုံခဲ့ရတာ ဖြစ်ပါတယ်။
ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကိုကိုကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၆ သန်းကျော်အထိ ရှိနေပါတယ်။