ရွာခံ ၃၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဖားကန့်ဒေသခံတွေပြော

RFA Burmese
2023.04.18
ရွာခံ ၃၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဖားကန့်ဒေသခံတွေပြော ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို မြင်တွေ့ရစဉ်။
RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကပ်မှော်ဇွပ်အုပ်စု၊ ဆိုင်းဖရာရွာခံ ၃၀ ကျော်ကို ဧပြီလ ၁၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

နမ့်ယာရွာဘက်ကနေ ဖားကန့်ဘက်တက်လာတဲ့ စစ်ကြောင်းဟာ မနက်အစောပိုင်း ၄ နာရီခန့်မှာ ရွာထဲဝင်လာပြီး သေနတ်နဲ့ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုင်းဖရာရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုမနက်ခေါ်သွားတာ။ အမျိုးသမီးတွေလည်းပါတယ် အမျိုးသားတွေလည်းပါတယ်။ ကလေးတွေလည်းပါတယ် အရမ်းအသက်ကြီးတဲ့သူတွေနဲ့ ကလေးအမေတွေကိုပဲ ပြန်လွှတ်ထားပေးတာ။ နန့်ယားက အခုမနက်က ထွက်လာတာ ကျနော်တို့ရွာကို မနက် ၄ နာရီလောက်ဝင်လာပြီး ခေါ်သွားတယ်။ အခြေအနေ ဘယ်လိုဖြစ်လာမလဲတော့ မသိဘူး။ ကျနော်တို့အားလုံးလည်း စိုးရိမ်နေကြတယ် ”

အဲဒီစစ်ကြောင်းဟာ အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီတပ် ခမရ (၁၁) ကဖြစ်တယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆိုင်းဖရာရွာခံ အမျိုးသားတစ်ဦးကလည်း အဖမ်းခံရသူတွေအတွက် စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

“ခွမ်စိုင်ဇွပ်ကျေးရွာမှာပဲ ရှိနေသေးတာတဲ့။ အိမ်သားတွေ အားလုံးက စိုးရိမ်နေရကြတယ်။ တိုက်ပွဲတွေ ပြင်းထန်လာနိုင်မလားဆိုပြီး ပြည်သူတွေကလည်း တောတွေမှာ ထွက်ပြေးနေကြတယ်။ တချို့ကတော့ ရွာမှာရှိသေးတယ် ”

ဒီနေ့မနက် ၈ နာရီခန့်ကလည်း ဖားကန့်ဘက်ကို ကားနဲ့တက်လာတဲ့ စစ်ကောင်စီတပ်ကို ခွမ်စိုင်ဇွပ်ရွာအထက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။

KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဖားကန့်၊ ဆယ်ဇင်းနဲ့ ခွပ်စိုင်ဇွပ်ဘက်မှာ တိုက်ပွဲဖြစ်တယ်လို့ ကြားပေမယ့် အသေးစိတ်အချက်အလက်တွေ ရောက်မလာသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ လုံခြုံရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို သူအနေနဲ့ မသိနိုင်ဘူးလို့ ပြောပါတယ်။

ဧပြီလ ၁၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မန်စိမ်းရွာအနီးက ရှမ်းနီအမျိုးသား တပ်မတော် (SNA) တပ်စခန်းတစ်ခုကို KIA ကသွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။