ဖာပွန်ခရိုင်တွင်း စစ်ကောင်စီတပ်စခန်းနှစ်ခု သိမ်းခဲ့ကြောင်း KNU ထုတ်ပြန်

RFA Burmese
2024.12.06
ဖာပွန်ခရိုင်တွင်း စစ်ကောင်စီတပ်စခန်းနှစ်ခု သိမ်းခဲ့ကြောင်း KNU ထုတ်ပြန် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း မာထောစခန်း သိမ်းပိုက်ခဲ့စဉ်က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Karen National Union

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ဖာပွန် (မူတြော်) ခရိုင်မှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ ကူးဆိပ်စခန်းနဲ့ မာထောစခန်းတို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ KNU က သတင်းထုတ်ပြန်ပါတယ်။

မထောစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပါင်းတပ်တွေ နိုဝင်ဘာလ ၂၂ ရက်နေ့က သိမ်းယူခဲ့တာလို့ KNU က ထုတ်ပြန်ထားပြီး ကူးဆိပ်စခန်း သိမ်းယူတာနဲ့ ပတ်သက်လို့တော့ အသေးစိတ်ထုတ်ပြန်ထားတာ မရှိပါဘူး။

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် သတင်းမီဒီယာတွေမှာတော့ ကူးဆိပ်စခန်းကို နိုဝင်ဘာလ ၉ ရက်နေ့က သိမ်းယူခဲ့တာလို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲ ၄၃ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၈၈ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီအရေအတွက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးသလို အရပ်သားတွေနေထိုင်တဲ့ ရွာတွေထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၅၂,၇၂၉ ဦး) အထိ ရှိလာပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။