ဖားကန့်ဒေသ ငြိမ်းချမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေးအဖွဲ့ ဖွဲ့စည်း

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံ လူငယ်များက ငြိမ်းချမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေး အဖွဲ့ကို ဒီကနေ့ နေ့လည်ပိုင်းက ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

2012.09.20

ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ဥရုချောင်းနဲ့ ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ကို စနစ်တကျ ထိန်းသိမ်းနိုင်ဖို့အတွက် ဒေသခံလူငယ်များနဲ့ အခုလို ဖွဲ့စည်းလိုက်တာလို့ ဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဝင်းက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့က ဒီဒေသကြီးကို ပြန်လည်ကာကွယ်ပေးဖို့ စက်ယန္တရားတွေနဲ့ ကျောက်မျက်ရတနာတွေ တူးဖော်ခြင်း မပြုလုပ်ဖို့၊ ပြီးလို့ရှိရင် ဒီဒေသကြီးမှာ နောက်ထပ် သဘာဝအတိုင်း ပြန်လည်ဖြစ်ပေါ်နိုင်ဖို့ အတွက်ဆိုရင် အခုဆိုရင် ဥရုချောင်းကြီးဟာ ပျက်ဆီးနေပြီ။ ဥရုချောင်းကြီးကို ပြန်လည် ကယ်တင်ပေးကြဖို့ ရည်ရွယ်ချက်နဲ့ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်ခင်ဗျ"

ဖားကန့်ကျောက်စိမ်းတွင်း ဒေသတစ်ခုလုံးမှာ အစိုးရထိပ်ပိုင်း အာဏာပိုင်တွေ သူတို့နဲ့ နီးစပ်တဲ့သူတွေ အပါအဝင် တိုင်းရင်းသားအမည်ခံ နိုင်ငံခြားသား လုပ်ငန်းရှင် ကုမ္ပဏီကြီး ၅၇ ခုနဲ့ ကုမ္ပဏီငယ် ၅၀၀ ကျော်က စက်ယန္တယားတွေနဲ့ ကျောက်စိမ်း တူးဖော်ရေးတွေကို အလွန်အကျွံ တူးဖော်လုပ်ပြီး မြေစာတွေကို စည်းကမ်းမဲ့စွာ စွန့်ပစ်တဲ့အတွက် အခုဆိုရင် ဥရုချောင်းရဲ့အခြေအနေဟာ အလွန်ဆိုးဝါးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ဖားကန့်ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း နှစ်ဖက်စစ်တပ်တွေက တိုက်ပွဲတွေ ဖော်ဆောင်ခြင်းမရှိခဲ့ဘဲ အေးချမ်းတည်ငြိမ်နေတဲ့ အခြေနေမျိုးကို ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်ဖို့ အတွက်လည်း ရည်ရွယ်ပြီး ဒီခရီးစဉ်အပြီးမှာ အခုလို ဖွဲ့စည်းရတာ ဖြစ်တယ်လို့ ဖားကန့်ဒေသ ငြိမ်းချမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေးအဖွဲ့က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။