သံလွင်မြစ်ရေတက်လို့ ဖားဆောင်းမှာ ရေဘေးဒုက္ခသည် ၆၅၀ ရှိလာ


2020.08.24

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအဆက်မပြတ်ရွာပြီး သံလွင်မြစ်ရေ မြင့်တက် လာတာကြောင့် အာဏာ ပိုင်တို့က ဖားဆောင်းမြို့နယ်အတွင်းက ဒေသခံ ၆၅၀ ကျော်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့နေရာချထားပေး ရပ ါတယ်။

သြဂုတ် ၂၃ ရက်နေ့ မနက်ကစပြီး သံလွင်မြစ်ရေ တက်လာတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရသူ အများစုကတော့ မြစ်ကမ်းဘေးမှာနေထိုင်တဲ့ အိမ်ထောင်စုတွေပါ။

ရေဘေးဒုက္ခကြုံတွေ့နေရတဲ့ ကိုသန်းထွန်းဦးက ပိုမို လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းနေရတာ နှစ်ကြိမ်ရှိပြီလို့ ပြောပါတယ်။

“လယ်ယာစိုက်ပျိုးခင်းလုပ်တဲ့နေရာမှာပဲ ပထမနေ့ ၂၂ ရက်နေ့မှာပဲ ကျနော်တို့ တောင်ယာစိုက်ခင်း အကုန် မြုပ်ကုန်ပြီ ပထမ ဒီကိုပြောင်းလာတယ်။ အခု လက်ရှိနေတဲ့ အိမ်ကိုပြောင်းလာတာပေါ့။ ပြောင်းလာတော့ ဒီ ၂၃ ရက်နေ့က ရေပိုတက်လာတော့ ဒီမှာလည်း နေလို့မရတော့ဘူး။ အဆင်မပြေတော့ဘူး။ မပြေတော့ ကျနော်တို့ ဘုန်းကြီးကျောင်းကို သက်ဆိုင်ရာက ရွှေ့ပြောင်းခိုင်းတော့ ဘုန်းကြီးကျောင်းကို ရွှေ့ပြောင်းပြီး တော့ တက်နေရတယ်။ ရေက ခုချိန်ထိ မကျသေးဘူးဆိုတော့ စိုးရိမ်မှတ်တော့ ရှိသေးတာပေါ့။”

ဖားဆောင်းမြို့နယ်အတွင်းမှာရှိတဲ့ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ဝမ်အောင် (ရှမ်း) ကျေးရွာအုပ်စု၊ ခဲမဖြူကျေးရွာအုပ်စုတွေက အိမ်ထောင်စုပေါင်း ၁၆၁ စု၊ လူဦးရေ ၆၅၄ ဦး ရေဘေးလွတ်တဲ့နေရာကို ရွှေ့ပြောင်းနေရတာဖြစ်ပါတယ်။

ရေဘေးဒုက္ခသည် တစ်ဦးဖြစ်တဲ့ မနန်းမြက ညအိပ်ချိန်မှာ ရေ ရုတ်တရက် တက်လာတယ်လို့ ပြောပါတယ်။

“ကျမ တစ်ညလုံး မအိပ်ဘူး၊ မနေ့ညကလေ၊ ကျမ နားထောင်နေတုန်း ဝေါဝေါဆို ထကြည့်တာ ရေတွေက စီးဝင်လာတာ။ မီးတွေက ပျက်တယ်လေ၊ မီးပျက်တဲ့ အခါကျတော့ ဖယောင်းတိုင်တွေ ထွန်းထားတယ်။ ထွန်းထားတဲ့အခါကျတော့ ရေတွေ စီးဝင်လာတယ်။ တောင်ကျရေကျတာလား မြစ်ရေတိုးတာလား ဆိုတာတော့ မသိဘူး၊ ရေတိုးလာတာလားပေါ့နော်။”

ပြည်နယ်အစိုးရအနေနဲ့ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဌာနရဲ့ လုပ်ထုံး လုပ်နည်းအတိုင်း ပြောင်းရွှေ့နေထိုင်နေရတဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီပေးနေတယ်လို့ ပြောပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ရေးဘေးဒုက္ခကြုံတွေ့နေသူတွေကို အကူအညီပေးရေးက ဌာနဆိုင်ရာရဲ့ အစီအမံတွေအတိုင်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“သူ့ကဏ္ဍအလိုက် ကျနော်တို့ ဒီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ချမှတ်ထားတဲ့ လုပ်ငန်းတာဝန်တွေအတိုင်း ချထားတဲ့ မူဝါဒအတိုင်း ကျနော်တို့ပေးမှာ။ အဲဒါတွေပေးဖို့ ကျနော်တို့ ပြုစုထားခြင်းတွေ လုပ်နေပါတယ်။ ဖုန်းနဲ့လည်းအမြဲတမ်း contact လုပ်နေပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကိုပေါ့နော်။”

သံလွင်မြစ်ရေတက်တာကြောင့် နှမ်းစိုက်ဧက ၃၀၀ ကျော် ပျက်စီးဆုံးရှုံးသွားပြီး လူနဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေ ထိခိုက်ဆုံးရှုံးတာတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။

ဒေသခံတွေက လူမှုကူညီရေးအသင်းအဖွဲ့၊ ဖားဆောင်းမြို့နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ၊ မီးသတ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ အကူအညီနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတာပါ။

သြဂုတ် ၂၃ ရက်နေ့မှာတော့ ပြည်နယ်အစိုးရကနေပြီး တစ်ပတ်စာ ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ အချိုရည်၊ နှာခေါင်းစည်းနဲ့ ကိတ်မုန့် စတာတွေကို ထောက်ပံ့ခဲ့ပါတယ်။

ဖားဆောင်းမြို့နယ်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၂၂၇၉ စင်တီမီတာဖြစ်ပြီး လက်ရှိရေအမှတ်ဟာ ၂၅၀၀ စင်တီမီတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာလည်း  သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ မြစ်ရေ ဝင်ရောက်နေပါတယ်။

ဘားအံမြို့ရဲ့ သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ် ၇၅၀ ဟာ စင်တာမီတာဖြစ်ပြီး လက်ရှိ ရေအမှတ်ကတော့  ၈၂၈ စင်တင်မီတာကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာ မြစ်ရေ ဝင်ရောက်နေတဲ့ ဘားအံမြို့အမှတ် ၂ ရပ်ကွက်က နေအိမ်တွေကို ပြည်နယ်ဝန် ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် သွားရောက် ကြည်ရှုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။