ဖရူဆိုမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ လေးထောင်နီးပါး ထွက်ပြေးနေရ
2023.09.12

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်အခြမ်းမှာရှိတဲ့ မားခေါ်ရှေ့အုပ်စုနဲ့ ကေးလျား အုပ်စုတွေကို စက်တင်ဘာလ ၉ ရက်ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာ ကြောင့် ဒေသခံလေးထောင် နီးပါး ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေကြရ တယ်လို့ ဖရူဆိုဒေသခံ မဖောက RFA ကို ပြောပါတယ်။
“အခုက စစ်ကြောင်းဝင်လာတာနဲ့ လက်နက်ကြီးနဲ့ပစ်တယ်လေ။ အဲဒါကြောင့် ဒေသခံ တွေက ကြောက်ပြီး ပြေးကြတာ။ အကုန်လုံးဆိုရင် လေးထောင်လောက်ရှိတယ်။ အဲဒီရွာတွေနားမှာ လာနေတဲ့ဒုက္ခသည် တွေလည်း ထပ်ပြီးပြေးကြရတယ်။ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေက အမျိုးသမီးတွေ အရင်ပြေးရတာပေါ့။ ရွာမှာ အိမ်စောင့်ဆို အမျိုးသားနည်းနည်းပဲ ကျန်တယ်”
ထွက်ပြေးနေရသူတွေထဲမှာ အဲဒီရွာတွေအနီး လာရောက်မှီခိုနေထိုင်ရတဲ့ ဒုက္ခသည်စခန်း ရှစ်ခုလောက်က လူဦးရေ ၁၅၀၀ ဝန်းကျင်ပါ ပါဝင်တယ်လို့ မဖောက ဆိုပါတယ်။
မားခေါ်ရှေ့အုပ်စုထဲမှာ ရွာပေါင်းကိုးရွာရှိပြီး ကေးလျားအုပ်စုမှာတော့ ရွာပေါင်း ၁၁ ရွာ ရှိပါတယ်။
ဒီးမော့ဆိုမြို့နယ်အခြေစိုက် ကရင်နီစစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦး ကလည်း ဖရူဆိုမြို့နဲ့ ဒီးမော့ဆို လမ်းပိုင်းကရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေ စက်တင်ဘာလ ၁၁ ရက်မနေ့ည ပိုင်းကစပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် ဖရူဆို အရှ့ဘက်အခြမ်းမှာနေထိုင်တဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ကရင်နီ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူက ပြောပါတယ်။
“ပြေးရတာက ဖရူဆိုအရှေ့ဘက်အခြမ်းမှာရှိတဲ့ ရွာတွေအများစုပါတယ်။ ကေးလျား၊ ထားလယ် အဲရွာတွေက အများစုပါတယ်။ အရင်ကတိုက်ပွဲက အဲလောက်မရှိဘူး။ အခုက တိုက်ပွဲဧရိယာတွေက ပိုကျယ်ပြန့်လာတော့ ပြေးရတာပေါ့”
လုံခြုံရေးအခြေအနေအရ ဒုက္ခသည်စခန်းတွေ ထပ်ပြီးမတည်ဆောက်နိုင်သေးတာကြောင့် ထွက်ပြေးနေ ရသူတွေဟာ တောတောင်တွေထဲမှာ ဖြစ်သလိုနေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ကရင်နီ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း လတ်တလော တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသးပါဘူး။
ဒီးမော့ဆိုနဲ့ ဖရူဆိုလမ်းပိုင်းမှာရှိတဲ့ ရွာတွေကို သြဂုတ်လ ၂ ရက်နေ့ကစပြီး စစ်ကောင်စီ တပ်တွေ စစ်ကြောင်းထိုး နေတာကြောင့် စက်တင်ဘာလအထိ တိုက်ပွဲတွေနေ့စဉ်ဖြစ်နေ တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက RFA ကို ပြောဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီးချိန်နောက်ပိုင်းကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ ကယား ပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၂၅၀,၀၀၀ ကျော် ရှိနေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။