မင်းပြားမှာ ကုလဝန်ထမ်း ပစ်ခတ်ခံရပြီးသေဆုံးမှု စုံစမ်းစစ်ဆေးခွင့်ပေးဖို့ HRW တိုက်တွန်း
2020.04.21
ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယနဲ့ စောင့်ကြည့်ခံရသူ တွေရဲ့ ပဏာမ စမ်းသပ်ချက်တွေကို ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် ကားနဲ့ ဝန်ထမ်း နှစ်ဦးက စစ်တွေမြို့ကနေ ရန်ကုန်မြို့ကို မနေ့က မနက်ပိုင်းမှာ ထွက်ခွာသွားကြတာဖြစ်ပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဝန်ထမ်းဖြစ်သူ ကားဒရိုင်ဘာ ဦးပြည့်စုံဝင်းမောင် နဲ့ အစိုးရကျန်းမာရေးဌာနက ကြီးကြပ်အဆင့်(၂)ရှိသူ ဦးအောင်မျိုးဦးတို့ဖြစ်ပါတယ်။ သူတို့စီးလာတဲ့ မော်တော်ကားဟာ ညနေ ၅ နာရီလောက် မှာ မင်းပြားမြို့နယ် ရာမောင် ဇက်ဆိပ်အနီးမှာ ပစ်ခတ်ခံရတာလို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြ ထားပါတယ်။
ပစ်ခတ်ခံရတဲ့ ဝန်ထမ်းနှစ်ဦးထဲက တစ်ဦးဟာ ဒဏ်ရာက သွေးထွက်လွန်တာကြောင့် မင်းပြားဆေးရုံမှာ ဒီနေ့မနက်က ဆုံးသွားတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က RFA ကို ပြောပါတယ်။
သေဆုံးသွားတဲ့ ဦးပြည့်စုံဝင်းမောင်ဟာ WHO ဝန်ထမ်းဖြစ်ပြီး နောက်ထပ် ဒဏ်ရာရလူနာဝန်ထမ်းကိုတော့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ရဲ့ အကူအညီနဲ့ စစ်တွေမြို့ကို ဒီနေ့မွန်းလွဲပိုင်းက ရောက်ရှိလာပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)ရဲ့ မနေ့ညက သတင်းထုတ်ပြန်ချက်မှာတော့ အဲဒီမော်တော် ကားဟာ ညနေ ၅ နာရီ မိနစ် ၄၀ လောက်မှာ ရာမောင်တံတားထိပ်မှာရှိတဲ့ တပ်မတော်လုံခြုံရေးဂိတ်ကနေ ခွင့်ပြုချက်တောင်းပြီး ဖြတ်သန်းသွားစဉ် တပ်မတော်ကပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ပစ်ခတ်ခံရပြီးနောက် အချိန် တစ်နာရီလောက်အကြာမှာ လမ်းဘေးကို ထိုးကျနေတဲ့ မော်တော်ကားနဲ့ ဒဏ်ရာအပြင်းအထန်ရရှိနေတဲ့ အဲဒီဝန်ထမ်းနှစ်ဦးကို အေအေ အဖွဲ့က တွေ့ရှိပြီး ကယ်တင်ခဲ့တယ်လို့လည်း အေအေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ညနေ ၆ နာရီခွဲလောက်မှာတော့ ဒဏ်ရာရနေတဲ့ ဝန်ထမ်းနှစ်ဦးကို အရပ်ဝတ်နဲ့ အမည်မသိ လူတစ်စုက မင်းရွာကျေးလက်ကျန်းမာရေးဌာနကို မော်တော်ကားငယ်နဲ့ လာရောက်ပို့ဆောင်ပေးခဲ့တယ်လို့ မင်းရွာ ကျေးလက်ကျန်းမာရေးဌာနက ကျန်းမာရေးမှူး ဦးထွန်းဝေက RFA ကိုပြောပါတယ်။
မနေ့ကဖြစ်စဉ်နဲ့ပတ်သက်လို့ ဒဏ်ရာရပြီး အသက်ရှင်ကျန်ရစ်တဲ့ လူနာဝန်ထမ်းကို မင်းပြားဆေးရုံမှာ တယ်လီဖုန်းကနေတဆင့် မေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမယ့်လည်း ဆေးရုံတာဝန်ရှိသူတွေက မေးမြန်းခွင့်မပြုခဲ့ပါဘူး။
ဒဏ်ရာနဲ့သေဆုံးသွားတဲ့ WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်ရဲ့ဖခင် ဦးဌေးဝင်းမောင်က အဲဒီမော်တော်ကားဟာ လက်နက်ကြီးကျပြီး လက်နက်ငယ်နဲ့ပါပစ်ခတ်ခံခဲ့ရတယ်ဆိုတဲ့သတင်းကို မနေ့ကရခဲ့တယ်လို့ ပြောပါတယ်။
ဦးပြည့်စုံဝင်းမောင်ရဲ့ ရုပ်အလောင်းကို မင်းပြားဆေးရုံကနေတဆင့် သူ့မိသားစုရှိရာ ပြည်မြို့ကို ဒီနေ့သယ်ယူဖို့ ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။ မနေ့က ပစ်ခတ်ခံရတဲ့ ရာမောင်ဇက်ဆိပ်အနီးမှာ ပြီးခဲ့တဲ့နှစ်ကစလို့ တပ်မတော်က အခိုင်အမာ နေရာယူထားပြီး အသွားအလာမော်တော်ကားတွေကိုလည်း ရပ်တန့်စစ်ဆေး နေပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ RFA က AA အဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ သူတို့နဲ့သက်ဆိုင်မှုမရှိကြောင်း၊ တပ်လုံခြုံရေးဂိတ်က စစ်ဆေးပြီး တံတားပေါ် အရောက်မှာ မြန်မာအစိုးရတပ်ဖက်က နောက်ကနေ ပစ်ခတ်တာဖြစ်ကြောင်း၊ ဒီလိုပစ်ခတ်ပြီးမှာ AA အဖွဲ့ကို လွှဲချဖို့ ကြိုးပမ်းချက်သာဖြစ်တယ်လို့ ပြောခွင့်ရသူ ခိုင်သုခက ဖြေကြားပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီကားလမ်းမပေါ် သွားနေတဲ့ ကားတွေကို ပစ်တဲ့သူဟာ AA အဖွဲ့သာဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ ပစ်စရာလည်းအကြောင်းမရှိကြောင်း၊ ဂိတ်က စစ်ဆေးအပြီး တံတားပေါ်ခပ်လှမ်းလှမ်းအရောက်မှာ AA က တောင်ပေါ်ကနေ လှမ်းပစ်တာဖြစ်ကြောင်း RFA ကို ဖြေကြားပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ မျက်မြင်သက်သေတွေကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရတာကြောင့် ဒီပစ်ခတ်မှုဟာ ဘယ်သူဘယ်ဝါ လက်ချက်ဖြစ်တယ်ဆိုတာကို RFA က သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။
မနေ့ကဖြစ်ရပ်နဲ့ပတ်သက်လို့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနေပြီး ဝန်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း ကုလသမဂ္ဂမြန်မာရုံးက ဒီနေ့ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကြေညာချက်မှာလည်း ဘယ်သူဘယ်ဝါလက်ချက်ဖြစ်တယ်ဆိုတာကို ဖော်ပြထားတာမရှိပါဘူး။
ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး RFA က အခု အသံမလွှင့်ခင်အချိန်အထိ ရန်ကုန်ကုလသမဂ္ဂအဖွဲ့အစည်းများဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတွေကို ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ WHO ဝန်ထမ်းသေဆုံးရမှုနဲ့ ပတ်သက် လို့ အခင်းဖြစ်ပွားရာ မင်းပြားမြို့နယ်မှာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကို ဝင်ရောက်ခွင့်ပြုပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပေးဖို့ မြန်မာအစိုးရနဲ့ တပ်မတော်ကို ဒီကနေ့ ညနေမှာ ကြေညာချက်ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။