ဘင်္ဂလားဒေ့ရှ်က ပြန်လာသူတွေကို နှိပ်စက်ထောင်ချတာရှိတယ်လို့ HRW ထုတ်ပြန်


2018.08.21
muslim-return-622.jpg အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သူတွေကို ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ တွေ့ရစဉ်
Photo: RFA

မြန်မာအာဏာပိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနေပြန်လာတဲ့ မွတ်စလင်တွေကို ဖမ်းဆီးနှိပ်စက်ပြီး ထောင်ချ တာတွေရှိနေတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြောကြားပါတယ်။

ဒီလို ဖမ်းဆီးနှိပ်စက်တာဟာ ပြန်လာသူတွေကို လုံခြုံစိတ်ချမှုနဲ့ အခွင့်အရေး ကာကွယ်ပေးမယ်ဆိုတဲ့ အစိုးရရဲ့ ကတိစကားတွေအပေါ် မုသားလိုဖြစ်စေတဲ့လုပ်ရပ်ပါပဲလို့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေး မှူး ဖေးလ်ရောဘတ်ဆန် က ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့တဲ့ မွတ်စလင် ၆ ဦးဟာ  ရခိုင်ပြည်နယ်ကို အလုပ်လုပ်ဖို့ ပြန်လာပြီး ဘင်္ဂလားဒေ့ရှ်ဘက်မပြန်ခင်မှာ နယ်ခြားစောင့်တပ်က ဖမ်းဆီးတာကိုခံခဲ့ရပြီး သူတို့ကိုဖမ်းဆီးထားချိန်မှာ လုံခြုံရေး တပ်သားတွေက နှိပ်စက်ညှင်းပန်းခဲ့တယ်လို့ ဖမ်းဆီးခံရသူ မွတ်စလင်တွေကHRW ကို ပြောတယ်လို့ဆိုပါ တယ်။ သူတို့ဟာ တရားရုံးမတင်ခင်အချုပ်ခံခဲ့ပြီးနောက်ပိုင်းမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ ထောင်ဒဏ် ၄ နှစ်စီ ကျခံခဲ့ရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာတော့ မြန်မာအစိုးရက သူတို့ ၆ ယောက်ကို တခြားဖမ်းမိသူတွေနဲ့အတူ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာက သတင်းထောက်တွေကို မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ် ဆိုတာပြဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့သူတွေဟာ လည်း အန္တရာယ်ကင်းစွာ ပြန်လာနိုင်တယ်ဆိုတာပြဖို့ပါပဲလို့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သတင်းထောက်တွေ အပြန်မှာတော့ အဲဒီ မွတ်စလင် ၆ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်လည် ထွက်ပြေးသွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး HRW အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ သူ့အနေနဲ့ တစုံတရာမှတ်ချက်ပေးဖို့ အဆင်မပြေဘူးလို့ ဦးဇော်ဌေးက အကြောင်းပြန်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်တွေ မိမိဆန္ဒအလျှောက်၊ အန္တရာယ်ကင်းကင်း၊ သိက္ခာရှိရှိနေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အနေနဲ့ လိုအပ်တဲ့ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အဝေးကြီးလိုပါသေးတယ်လို့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဖေးလ်ရော်ဘက်ဆန်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။