မြန်မာအစိုးရအဖွဲ့ အတွင်း နှစ်ဘက် ကွဲနေကြောင်း HRW ပြောကြား


2014.02.06
human-right-watch-305.jpg ရန်ကုန်မြို့ Traders Hotel မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch ရဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
photo: RFA/ Myo Zaw Ko

ပြီးခဲ့တဲ့ နှစ်နှစ်ခွဲအတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်း လဲမှုတွေ အတော်များများရှိခဲ့ပေမယ့် အစိုးရအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားထဲမှာ ပြုပြင်ပြောင်း လဲရေးကို တစိုက်မတ်မတ်ကြိုးစားလိုသူတွေနဲ့  အရှိန်လျှော့ချလိုက်လိုသူတွေဆိုပြီး ဘက်နှစ်ဘက် ကွဲပြားနေတာ အထင်အရှားတွေ့ရှိခဲ့ရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch (HRW) အဖွဲ့က ဒီနေ့ ပြောလိုက် ပါတယ်။

ဒီနေ့  ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် Traders Hotel မှာ ခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာ HRW ရဲ့  အမှုဆောင်အရာရှိချုပ် Ken Roth က မြန်မာနိုင်ငံ အပြောင်းအလဲအပေါ် သူတို့ရဲ့သုံးသပ်ချက်ကို အခုလို ပြောခဲ့တာပါ။

“လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့အနေနဲ့ နိုင်ငံတော်သမ္မတနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို မနေ့က တစ်နာရီနီးပါးကြာ တွေ့ဆုံခွင့်ရခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့အပြောင်းအလဲတစ်ခုလို့ ပြောရမှာပါ။ အစိုးရ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်တွေ၊ အရေးကြီးတဲ့ဝန်ကြီးတွေ ၊ နိုင်ငံခြားရေးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနက ထိပ်တန်းခေါင်းဆောင်တွေနဲ့  မနေ့က  တွေ့ဆုံဆွေးနွေးမှုတွေကို ကြည့်မယ်ဆိုရင် အစိုးရအဖွဲ့အတွင်းမှာ မြန်မာနိုင်ငံရှေ့ဆက်သွားရမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပေါ် သဘောထားကွဲလွဲနေတာ အထင်အရှားတွေ့ခဲ့ရပါတယ်။ တစ်ချို့က ပြုပြင်ပြောင်းလဲမှုကို တစိုက်မတ်မတ် ကြိုးပမ်းလိုကြပေမဲ့ တစ်ချို့ထိပ်ပိုင်းခေါင်းဆောင်တွေက အပြောင်းအလဲကို အရှိန်လျှော့သွားလိုတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒီမိုကရေစီ စနစ်တစ်ခုဆီ ဦးတည်သွားမလား စစ်တပ်ကအာဏာရှိတဲ့ စနစ်တစ်ခုကို ဦးတည်သွားမလား ဆိုတာတော့ မိမိတို့အနေနဲ့ ပြောဖို့ခက်ပါတယ်” လို့  HRW အဖွဲ့ အမှုဆောင်အရာရှိချုပ် Ken Roth ပြောသွားတာပါ။

နိုင်ငံတော်သမ္မတ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဆွေးနွေးရာမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ တရားဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု၊ မွတ်စလင် လူ့အဖွဲ့အစည်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လုံခြုံရေးအရ အကာအကွယ်ပေးဖို့ စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ရှင်းပြပါတယ်။

HRW အဖွဲ့ဟာ မြန်မာနိုင်ငံ အစိုးရအဆက်ဆက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ထောက်ပြပြောဆိုနေတဲ့ အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်ပါတယ်။ အဖွဲ့ဝင် ၇၅ ဦးပါတဲ့ HRW ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။

HRW ကိုယ်စားလှယ်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA အဖွဲ့သား ဦးဝင်းနိုင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။