ရိုဟင်ဂျာကလေးငယ် သိန်းနဲ့ချီ ပညာသင်ခွင့်မရ
2019.12.03

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာ ကလေးငယ် လေးသိန်းလောက်ဟာ ပညာသင်ယူခွင့် ပိတ်ပင်ခံထားရတာမို့၊ မျိုးဆက်တစ်ဆက်စာ ပညာရေးပြတ်လတ်မယ့်အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့နိုင်ငံရေးသမားတွေဟာ ရိုဟင်ဂျာ ခုနှစ်သိန်း မြန်မာပြည်ကို ၂ နှစ်အတွင်း ပြန်သွားကြမယ် လို့ ခန့်မှန်းထားတာကြောင့်၊ ဒေသခံ ဘင်္ဂလီတွေနဲ့နီးစပ်ပြီး နေသားကျသွားမှာကို စိုးရိမ်တဲ့အတွက် အမြော်အမြင် နည်းပါးစွာနဲ့ ရိုဟင်ဂျာကလေးတွေကို ဘင်္ဂလားဒေ့ရှ်က ကျောင်းတွေမှာ တက်ရောက်ခွင့်ကို ပိတ်ပင်နေကြတယ် လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
အစီရင်ခံစာကို “ငါတို့ကော လူမဟုတ်ဘူးလား” ဆိုတဲ့မေးခွန်းနဲ့ အမည်ပေးထားပြီးတော့ စာမျက်နှာ ၈၁ ခု ပါရှိ ပါတယ်။ ဘင်္ဂါလီစာသင်ကျောင်းတွေမှာ စာသင်ကြားခွင့်ပိတ်ပင်ခံရတဲ့အပြင်၊ ဘင်္ဂလာဒေ့ရှ် အာဏာပိုင်တွေဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ လာရောက်သင်ကြားပေးမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ကန့်သတ် တားမြစ်ထားတယ်လို့ HRW က ဆိုပါတယ်။
ကူတုပါလောင် ဒုက္ခသည်စခန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ကတော့ လေးသိန်းနီးပါးရှိတဲ့ ကလေး ငယ်တွေ ပညာသင်ကြားခွင့် မရတာကြောင့် သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်တယ်လို့ RFA ကို ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရရော၊ NGO တွေ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရော အဓိကတောင်းဆို ချင်တာက ဒီမှာရှိတဲ့ ကလေးငယ်တွေက လေးသိန်းနီးပါးလောက်ရှိတယ်။ လေးသိန်းနီးပါး ကလေးငယ်တွေဟာ ပညာသင်ကြားခွင့် မရဘူးဆိုလို့ရှိရင် ကျွန်တော်တို့ဘဝတော့ လောလောဆယ်ပျက်သွားမှာ အင်မတန် စိုးရိမ်ပါတယ်။”
အခုလက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းတွေက ကလေးငယ်တွေဟာ စာအုပ်စာတမ်းနဲ့ ပညာသင်ကြား နေရတာမဟုတ်ဘဲ၊ ဒုက္ခသည်စခန်းတချို့မှာ NGO၊ INGO တွေက သင်ကြားရေးစင်တာတွေ ဖွင့်ထားပေမယ့် လုံလုံလောက်လောက်မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ရိုဟင်ဂျာလူငယ်အစည်းရုံး ဒါရိုက်တာ ဦးခင်မောင် က ပြောပါတယ်။
မြန်မာနိုင်ငံမှာ သင်ကြားခဲ့တဲ့စနစ်နဲ့ သင်ကြားနိုင်ဖို့ တောင်းဆိုတယ်လို့ ဦးခင်မောင်က ပြောပါတယ်။
“လူသားအနေနဲ့ ရသင့်ရထိုက်တဲ့ ပညာရေးအခွင့်အရေးရသင့်တယ်။ အကယ်လို့များ ဒီကလေးတွေကို ပညာမသင် ဘဲနဲ့ အနာဂတ်ပျက်စီးခဲ့မယ်ဆိုရင် Crime Against Humanity လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုထဲ ပါဝင်နေတယ်။ ကျွန်တော်တို့ကို ပညာရေးအခွင့်အရေးပေးပါ။ ကျန်တဲ့ဟာကို မပေးရင်လည်း လက်ခံတယ်။ ပညာရေးအခွင့်အရေးကို မြန်မာနိုင်ငံမှာသင်ခဲ့တဲပုံစံနဲ့ စနစ်တကျ သင်ကြားခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို မေတ္တာရပ်ခံချင်တယ်။”
ဒါ့အပြင် မြန်မာနိုင်ငံက ကျောင်းသုံးပုံနှိပ်စာအုပ်အသုံးပြုပြီးသင်ကြားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်မပြုသလို ဒုက္ခသည်စခန်းတွေမှာ စာသင်ကြားတဲ့ပုံစံဟာ တရားဝင် မဟုတ်တဲ့အတွက် အထူးစိုးရိမ်တယ်လို့လည်း ဦးခင်မောင် ကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ကိုဖီအာနမ်ကော်မရှင်ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ဦးအေးလွင်က ဒုက္ခသည်စခန်းတွေမှာ စနစ်တကျ ပညာသင်ကြားခွင့်မရှိဘူးဆို အမှန် တကယ်ဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ လောလောလတ်လတ်ကို သွားထားတာရှိတယ်၊ ဒါပေမဲ့ ဒုက္ခသည်စခန်းထဲကို ဝင်ခွင့်မရခဲ့ဘူး။ ဘေးပတ်ဝန်းကျင်တွေ ဘာတွေသွားကြည့်တော့ တချို့လည်း စကားပြောခွင့်ရတယ်။ စနစ်တကျပညာသင်ကြား ခွင့် မရှိဘူးဆိုတာတော့ အဟုတ်အမှန်ပဲဗျ။ သင်ကြားရေးစင်တာဆိုပြီးတော့ နည်းနည်းပါးပါး ပညာရေးရဲ့ အခြေခံလေး အ ၏သုံးလောက် သူတို့ သင်ပေးတဲ့ဟာမျိုးလောက်ပဲရှိတယ်။ အဓိကက လူသားတစ်ယောက်ရဲ့ ဘဝမှာ ပညာတတ်မြောက်ခွင့်ဆိုတာ အင်မတန်အရေးကြီးတဲ့ကိစ္စတစ်ခုပါ။ အဲဒါကြောင့်မို့ ပညာတတ်မြောက် ခွင့်က အဲဒီစခန်းထဲမှာနေရတဲ့အတွက် ဆုံးရှုံးနေတယ်ဆိုတာ အမှန်ပါပဲခင်ဗျ။”
ဒီအကြောင်းနဲ့ ပတ်သက်ပြီးမြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်သံရုံးကို RFA က ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ဖြေကြားမယ့်သူ မရှိသေးဘူးလို့ တယ်လီဖုန်းအော်ပရေတာ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးသာအေးကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးငယ်တွေ ပညာသင်ကြားခွင့် မရရှိခဲ့ဘူးဆိုရင် ဘဝအတွက် မျှော်လင့်ချက်မဲ့တဲ့ ကလေးငယ်တွေ ဖြစ်သွားနိုင်ပြီး တခြားအုပ်စု တစ်ခုခုကမှိုင်းတိုက်တာတွေ လုပ်လာနိုင်တယ်လို့ ပြောပါတယ်။
“ဒီကလေးတွေ ပညာသင်ခွင့်မရဘူးဆိုရင် သူတို့မှာ အသိပညာမရှိတော့ဘူး။ အသိပညာမရှိတဲ့အခါကျတော့ သူတို့ရဲ့ ဘဝအတွက် ဘာမှမျှော်လင့်ချက်မရှိဘဲနဲ့ မျှော်လင့်ချက်မဲ့တဲ့ကလေးတွေ ဖြစ်သွားနိုင်တယ်ပေါ့နော်။ မျှော်လင့်ချက်မဲ့တဲ့ ကလေးတွေဖြစ်သွားတဲ့ အခါကျတော့ ဒီကလေးတွေကို တခြားအုပ်စုတစ်စုစုက မှိုင်းတိုက် ပြီးတော့မှ သူတို့လိုချင်တဲ့ပုံစံကို ရောက်အောင်ပို့ပေးနိုင်တာပေါ့နော်။ ဒါ သိပ်ပြီး အန္တရာယ်ရှိတာပေါ့။ တကမ္ဘာလုံးအတွက်ပါ အန္တရာယ်ရှိတာပေါ့။”
ရိုဟင်ဂျာ ခုနှစ်သိန်းကျော်ဟာ ၂၀၁၇ ကတည်းက တပ်မတော်ရဲ့စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ တနည်းအားဖြင့် ၅၀ ရာခိုင်နှုန်းကျော် ဒုက္ခသည်တွေက ကလေးတွေဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကလေးသူငယ်ပညာသင်ကြားခွင့်အခွင့်အရေး သဘောတူညီချက်နဲ့ အခြားသော အခြေခံလူ့အခွင့်အရေး ကြေညာစာတမ်းတွေကို ရေးထိုးထားတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်ကိုယ်တိုင် အားပေးထောက်ခံခဲ့တဲ့ ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ မူဘောင်သဘောတူညီချက် Global Refugee Compact လည်း ပါဝင်နေပါတယ်။ အဲဒါက ဒုက္ခသည်ကလေးငယ်တွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ ပညာသင်ကြားခွင့်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေက ၂ နှစ်လို့ ခန့်မှန်းထားကြပေမယ့် အခုဆိုရင် ၂ နှစ်ပြည့်သွားပြီဖြစ်ပေမယ့် လည်း နှစ်နိုင်ငံလက်မှတ်ရေးထိုးထားတဲ့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အစီအစဉ်နဲ့ တစ်ယောက်မှ မြန်မာဘက်ကို ပြန်လည်ဝင်ရောက်လာတာ မရှိသေးပါဘူး။
လူ ခုနှစ်သိန်းကျော် ထွက်ပြေးခဲ့ရမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကြောင့် မြန်မာအစိုးရ၊ တပ်မတော်တို့ဟာ နိုင်ငံတကာတရားရုံး ICJ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နဲ့ အာဂျင်တီးနားက ဖက်ဒရယ်ခရိုင်တရားရုံးတွေမှာ တရားစွဲဆိုခံထားရပါတယ်။