သန်းနဲ့ချီတဲ့ဒုက္ခသည်တွေဆီ ကူညီမှာကို စစ်ကောင်စီ ပိတ်ပင်နေကြောင်း HRW အဖွဲ့ပြော

2021.12.13
သန်းနဲ့ချီတဲ့ဒုက္ခသည်တွေဆီ ကူညီမှာကို စစ်ကောင်စီ ပိတ်ပင်နေကြောင်း HRW အဖွဲ့ပြော တိုက်ပွဲတွေကြောင့် ကလေးမြို့နယ်က ထွက်ပြေးနေရသူတွေကို ၂၀၂၁ နိုဝင်ဘာလက တွေ့ရစဥ်
Photo: CJ
အိုးပစ်အိမ်ပစ်ထွက်ပြေးရတဲ့သူတွေ၊ အန္တရာယ်ကြုံနေရသူတွေမှာ စားနပ်ရိက္ခာဆေးဝါးဆိုတဲ့ လူသားချင်း စာနာမှု အကူအညီ အလွန်အမင်းလိုအပ်နေလို့ သူတို့ဆီအရောက်ပေးမယ့်ကိစ္စကို စစ်ကောင်စီက ပိတ်ဆို့ တားမြစ်နေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
 
အကူအညီတွေကို ဒီလူတွေအားလုံးဆီ အမြန်ရောက်နိုင်ဖို့ ကုလသမဂ္ဂ၊ အာဆီယံအသင်းနဲ့ သက်ဆိုင်ရာ အစိုးရတွေက စစ်ကောင်စီကို ဖိအားပေးသင့်တယ်လို့ HRW က တိုက်တွန်းပါတယ်။
 
ပြီးခဲ့တဲ့လပိုင်းတွေမှာ လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းတွေကို စစ်ကောင်စီနဲ့ သူ့တပ်ဖွဲ့ ဝင်တွေက ခရီးသွားလာခွင့် ကန့်သတ်ချက်သစ်တွေ ချမှတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
 
လမ်းတွေပိတ်ဆို့ခဲ့သလို၊ အကူအညီပေးမယ့်ပစ္စည်းတွေပါတဲ့ ယာဉ်တန်းတွေကို တားမြစ်ခဲ့ပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ပစ္စည်းတွေကို ဖျက်ဆီးတဲ့အပြင် ဝန်ထမ်းတွေပါ တိုက်ခိုက်ခံရတဲ့အကြောင်းနဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးလိုင်းတွေပါ ဖြတ်တောက်ခံခဲ့ရတယ်လို့ HRW က ဖော်ပြပါတယ်။
 
စစ်အာဏာသိမ်းပြီးချိန်ကစလို့ အာဏာသိမ်းမှုကို ဆန္ဒပြသူတွေနဲ့ နိုင်ငံရေးအရ ဆန့်ကျင်သူတွေကို စစ်ကောင် စီက နိုင်ငံတစ်ဝန်း နှိမ်နင်းနေတာဟာ Crime Against Humanity လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပြီး လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်လို့ ပြောပါတယ်။
 
တချို့တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေပိုဖြစ်လာပြီး စစ်ရာဇဝတ်မှုတွေ ပေါ်ပေါက်လာတယ်လို့ ဆိုပါ တယ်။ ဒီအခြေအနေကြောင့် ဘေးလွတ်ရာ ထွက်ပြေးရတဲ့သူပေါင်း ၂၈၄၀၀၀ ကျော် ရှိနေပြီး၊ အိန္ဒိယနဲ့ ထိုင်းကို ထွက်ပြေးရတဲ့သူက ၂၂၀၀၀ လောက်ရှိနေတယ်လို့ HRW က ပြောပါတယ်။ ကုလသမဂ္ဂက ဒုက္ခသည်တွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၁၀၉ သန်းလိုအပ်ပေမယ့် ၁၈ ရာခိုင်နှုန်းပဲ အလှူငွေရလို့ မလုံလောက်တဲ့ကာလမှာ၊ အခုလို ဒုက္ခသည်တွေထပ်များတဲ့အတွက်
 
လာမယ့် ၂၀၂၂ ခုနှစ်မှာ လိုအပ်မယ့်ရန်ပုံငွေပမာဏာ အမေရိကန်ဒေါ်လာ ၈၂၆ သန်းရှိနေတယ်လို့လည်း ခန့်မှန်းတွက်ချက်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။