HRW က မောင်တောအစီရင်ခံစာ ထုတ်ပြန်၊ အစိုးရက တုံ့ပြန်ပြော ဆို
2016.11.13

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျေးရွာ ၃ ရွာမှာ မီးလောင်မှုနဲ့ ဆက်စပ်ပြီး ပျက်စီးသွားတဲ့ အဆောက်အဦး ၄၃၀ လောက်ရှိနေကြောင်းနဲ့ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂကို ဖိတ်ခေါ် သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ HRW က ဒီကနေ့ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး HRW အဖွဲ့ရဲ့ အာရှတိုက်ဆိုင်ရာ ဒုတိယ ဒါရိုက်တာ Mr. Phil Robertson က အခုလို ပြောပါတယ်။
"မောင်တောမြို့နယ်က ကျေးရွာ ၃ ရွာမှာ အဆောက်အဦး ၄၃၀ ဖျက်ဆီးခံထားရတာတွေ့ရှိထား ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်တပ်တွေ အတိုက်အခိုက်ခံရပြီး နောက်ပိုင်း နယ်မြေရှင်းလင်းရေးအတွင်း ဖြစ်ပျက်ခဲ့တာပါ။ နယ်မြေရှင်းလင်းမှုတွေအတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေ ၊ ဖမ်းဆီးမှုတွေ ၊ အဓမ္မပြုကျင့်မှုတွေရှိတယ်လို့လည်း စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ ဂြိုဟ်တုကရိုက်ကူး တဲ့ မှတ်တမ်းတွေ့ရှိချက်တွေအရဆိုရင် အဲဒီကျေးရွာ ၃ ရွာမှာ ဆိုးဆိုးဝါးဝါး မီးရှို့ဖျက်ဆီးခံထားရတာတွေ ရှိနေပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တာဝန်ယူသင့်ပါတယ်" လို့ပြောတာဖြစ်ပါတယ်။
မောင်တောမြို့နယ်က ပြောင်ပိုက် ခေါ် (ငါးစားကြူး)ရွာမှာ အဆောက်အဦး ၈၅လုံး ၊ ကြက်ရိုးပြင် ကျေးရွာမှာ ၂၄၅ လုံးနဲ့ ဝပိတ်ကျေးရွာမှာ အဆောက်အဦး ၁၀၀ ဟာ မီးလောင်မှုကြောင့် ဆက်နွယ်ပြီး ပျက်စီးသွားတာလို့ HRW က ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေနဲ့ ဖေါ်ပြထားတာဖြစ်ပါတယ်။
HRW ရဲ့အစီရင်ခံစာအပေါ် မြေပြင်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလို ပြောပါတယ်။
"အစီရင်ခံစာထွက်လာတယ်ပေါ့နော်၊ ထွက်လာတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပြန်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်ပေါ့၊ ဆက်ပြီးတော့လည်း လုပ်သွားမယ်၊ ဖြစ်စဉ်မှာဆိုရင် ပွင့်ဖြူချောင်း ကျေးရွာမှာ စစ်ကြောင်းမှူး ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး ကျဆုံးခဲ့ရတယ်၊ နောက်စစ်သည် ၁ ဦး ကျဆုံးခဲ့ရတယ်၊ ဖြစ်စဉ်ကို ပြန်ကြည့်ရင် အကြမ်းဖက်တိုက်ခိုက်တဲ့လူတွေဟာ ရွာကိုမီးရှို့ပြီး ထွက်ပြေးတဲ့ အလေ့အထတွေလည်းရှိတယ်"
မနေ့က နိုဝင်ဘာလ ၁၂ ရက်နေ့က တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ နယ်မြေရှင်း လင်းရာမှာ ပွင့်ဖြူချောင်းကျေးရွာမှာ ရောက်ရှိစဉ် တိုက်ခိုက်ခံရတဲ့အတွက် စစ်ကြောင်းမှူး ၁ ဦးနဲ့ တပ်သား ၁ ဦး သေဆုံး ခဲ့ပါတယ်။ အဲဒီကျေးရွာမှာ တုတ်၊ ဓါးတွေ ကိုင်ဆောင်ထားတဲ့ ရွာသူ ရွာသား ၅၀၀ လောက် က အယောင်ပြပြီး စစ်ကြောင်းကို ဝိုင်းခဲ့ကြောင်းနဲ့ အဲဒီအချိန်မှာ အလစ်အငိုက် ပစ်ခတ်ခံရတာ ဖြစ်ကြောင်း၊ မြေပြင်မှာ အကြမ်းဖက် သမားတွေနဲ့ ရွာသားတွေကို ခွဲခြားဖို့ ခက်ခဲကြောင်း ဦးဇော်ဌေး က ပြောပါတယ်။
မနေ့က မောင်တောမြို့နယ် မောင်နှမတောင်ကျေးရွာအဝင်နားမှာ နယ်ခြားစောင့် ရဲကွပ်ကွဲမှု ဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ စီးနင်းလာတဲ့ ကား ၃ စီးကို လက်လုပ်မိုင်းတစ်လုံးနဲ့ ဖေါက်ခွဲခဲ့ပြီး ပစ်ခတ်မှုတွေ လည်း ရှိခဲ့တယ်လို့ မြဝတီက သတင်းထုတ်ပြန်ထားပါတယ်။