လက်ပံတန်းမှာ ကျောင်းသားတွေ အရိုက်ခံရတဲ့ကိစ္စ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားမည်
2015.07.08

ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ချီတက်ခဲ့ကြတဲ့ ကျောင်းသားနဲ့ ပြည်သူတွေကို ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ကိစ္စအတွက် အရိုက်ခံရတဲ့ကျောင်းသား ၁၈ ယောက် က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ဒီနေ့တိုင်ကြားမယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးပြဌာန်းချက်နဲ့ နိုင်ငံသားအခွင့်အရေးအရ ငြိမ်းချမ်းစွာချီတက်ဆန္ဒပြတာကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အပြင်၊ အရွယ်မရောက်သေးတဲ့ ကျောင်းသားငယ်တွေကို အင်အားသုံးရိုက်နှက်ခဲ့တာတွေအတွက် တိုင်ကြားမှာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - မိတ္ထီလာနည်းပညာတက္ကသိုလ်က ကိုအောင်နေပိုင် က RFA ကိုပြောပါတယ်။
"နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေရယ် လက်ပံတန်းမှာ ရဲတွေက သူတို့အပေါ် မတရား ရိုက်နှက်တာတွေ၊ လူ့ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်တွေ အများကြီးလုပ်ခဲ့တယ်ပေါ့၊ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားဖို့ဆုံးဖြတ်တယ်၊ နောက်တစ်ခုက အောင်မင်းခိုင် ဆိုရင် အသက် ၁၈ နှစ် မပြည့်သေးဘူး၊ အသက်မပြည့်သေးတဲ့ကျောင်းသားကို အားလုံးလည်းအမြင်ပဲ ရဲတွေကဝိုင်းပြီးတော့ ရိုက်နှက်တာတွေ ရှိတယ်၊ အဲ့ဒါကလေးသူငယ်အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတဲ့ဟာမျိုးလည်းရှိတယ်ပေါ့နော်၊ အဲ့လို ဟာမျိုးမှာ ကျူးလွန်ခဲ့တဲ့ အမိန့်ပေးတဲ့သူတွေကို လူ့အခွင့်အရေးကော်မရှင်က ထိထိရောက်ရောက် အရေးယူပေးဖို့ တိုင်ကြားမှာပေါ့နော်"
ကိုးကန့်နဲ့ဖြစ်တဲ့စစ်မှာ မြန်မာစစ်တပ်ရဲ့ ဗုံးဆန်ကြောင့် တရုတ်နိုင်ငံသားတွေ သေကြေဒဏ်ရာရခဲ့တဲ့အပေါ် အစိုးရက မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ခဲ့သလိုမျိုး၊ ကိုယ့်နိုင်ငံသားအတွက်လည်း ဆောင်ရွက်ရမယ်လို့ ကိုအောင်နေပိုင် က ပြောပါတယ်။
"တရုတ်ပြည်မှာ လေတပ်က ကျည်ဆန်ကျသွားလို့ တရုတ်ပြည်မှာရှိနေတဲ့လူတွေရဲ့ အခွင့်အရေးကို ကျနော်တို့နိုင်ငံက အစိုးရဘက်က ချက်ချင်းဆောက်ရွက်ပးတာရှိတယ်၊ သူများနိုင်ငံသားတွေရဲ့ အခွင့်အရေးကို ဒီဘက်ကအစိုးရက ချက်ချင်းဆောက်ရွက်ပေးရတယ်ဆိုရင် မိမိတို့နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ဆောင်ရွက်ပေးဖို့လိုတယ်"
အခုဆိုရင်ရိုက်နှက်ခံရတဲ့ဒဏ်ကြောင့် ဆေးရုံတက်နေရသူ နှစ်ဦးရှိသလို၊ အရိုက်ခံရတဲ့ကျောင်းသားအများစုမှာ လည်း နာကျင်ကိုက်ခဲတဲ့ဝေဒနာတွေ အနည်းနဲ့အများခံစားနေကြရတဲ့အတွက် တစ်ဦးချင်းရဲ့ ဘဝအတွက် နစ်နာဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
ဗကသများအဖွဲ့ချုပ်က ကိုအောင်နေပိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။