ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကာကွယ်ဖို့ အကျဉ်းသား လျှော့ချရေး HRW တိုက်တွန်း
2020.04.04
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး အကျဉ်းထောင်တွေထဲက အကျဉ်းသားဦးရေ လျှော့ချပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး မြန်မာအစိုးရအနေနဲ့ အကျဉ်းသားအရေ အတွက် လျှော့ချပေးဖို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ချက်ချင်း လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အာရှဒါရိုက်တာ ဘရက် အဒမ်က အကျဉ်းထောင်တွေမှာ သတ်မှတ်လူဦးရေထက် များပြားနေပြီး မြန်မာအစိုးရအနေနဲ့ အသက်အရွယ်ကြီးပြီး ကျန်းမာရေး မကောင်းသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကျဉ်းထောင် ၆၀ ကျော်နဲ့ အလုပ်ကြမ်းစခန်း ၅၀ လောက်ရှိပြီး အကျဉ်းသား ၉၂၀၀၀ ကျော်ရှိတယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေထဲက အာမခံပေးနိုင်သူတွေကို အာမခံပေးဖို့နဲ့ အမိန့်ချပြီးသူတွေထဲက လူ့အဖွဲ့အစည်းကို အန္တရာယ်မပေးနိုင်တဲ့သူတွေကို လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတရုံးကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စာပေးပို့ တောင်းဆိုထားပါတယ်။
ဒီတောင်းဆိုမှုတွေဟာ လက်ရှိလိုအပ်တဲ့ အချက်ဖြစ်သလို အကျဉ်းသားတွေ လျှော့ချပြီး အခုကတည်းက ကြိုတင်ပြင်ဆင်ဖို့ အကြံပြုထားပေမယ့် သက်ဆိုင်ရာဝန်ရှိသူတွေဘက်က လက်ရှိအချိန်အထိ အကောင်အထည်ဖော်တာ မတွေ့ရသေးဘူးလို့ AAPP ရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က RFA ကို ပြောပါတယ်။
“ဒီတောင်းဆိုမှုက အလတ်တလော လိုအပ်တဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ်။ အခုချိန်မှာ လူ့အဖွဲ့အစည်း အတွက် အန္တရာယ်နည်းတဲ့ အကျဉ်းသားတွေကို လွှတ်ကို လွှတ်ပေးသင့်တယ်။ COVID – 19 က အကျဉ်းထောင် တွေထဲမှာရှိနေတဲ့ အကျဉ်းသားတွေလည်း လွတ်မှာမဟုတ်ဘူး။ အခုကတည်းက ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ပထမအဆင့်အနေနဲ့ အကျဉ်းသားဦးရေကို လျှော့ချဖို့လိုတယ်။ အဲဒီလို လျှော့ချလိုက်မှ အကျဉ်းထောင်ထဲမှာ လူးစာလွင့်တာဖြစ်လာမယ်။ အဲဒီတော့မှ ကြိုတင်ကာကွယ်ရေးကိစ္စတွေကို စနစ်တကျ ပိုလုပ်လာနိုင်မယ်။ ဒါတွေကို ကျွန်တော်တို့ အကြံပြုနေတာ ကြာပါပြီ။ ဒါကို အစိုးရနဲ့ ပြည်ထဲရေးဘက်က အခုအချိန်အထိ အကောင်အထည်ဖော်တာ မတွေ့ရသေးဘူး”
ပြီးခဲ့တဲ့ မတ်လလယ်လောက်က နိုင်ငံတော် သမ္မတရုံးကို AAPP က ထောင်တွင်းလူဦးရေ လျှော့ချဖို့ အကြံပြုစာ ပေးပို့ထားပြီး သမ္မတရုံးက စာလက်ခံရရှိကြောင်း အကြောင်းပြန်လိုက်ပေမယ့် ရှေ့ဆက်လုပ်ဆောင်မယ့် အခြေအနေတွေကို မသိရသေးဘူးလို့ ပြောပါတယ်။
AAPP ရဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်ရှိပြီး ထောင်ကျပြီးသား နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်၊ ထောင်ထဲကနေ အမှုရင်ဆိုင်နေရသူ ၁၄၀ လောက်နဲ့ အပြင်ကနေ အမှုရင်ဆိုင်နေရသူတွေဖြစ်တယ်လို့ ဦးဘိုကြည်က ပြောပါတယ်။
ထောင်ထဲမှာရှိတဲ့နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရောဂါပိုးကူးစက်ခံရတယ်ဆိုရင် သူတို့ရဲ့ လူ့အခွင့်အရေးဟာ ပိုပြီးဆုံးရှုံးမှုဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ လိုအပ်ပြီး အကျဉ်းထောင်တွေ ကိုလည်း ရောဂါပိုးမကူးစက်အောင် စီမံခန့်ခွဲဖို့ လိုအပ်တယ်လို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။
“သူတို့က နီးနီးကပ်ကပ်နေရအတွက်ကြောင့် ကိုဗစ်ကာလမှာ ထောင်ထဲကို ဒီဗိုင်းရပ်စ်ရောက်သွားရင် အကျဉ်းသားတွေ အကုန်လုံး ဒုက္ခရောက်မယ်။ ပြီးရင် နိုင်ငံရေးအကျဉ်းသားတွေက မတရားဖမ်းဆီး ထောင်ချခံထားရတာဖြစ်တဲ့အတွက် ရောဂါပိုးကူးစက်ခံရရင် သူတို့ရဲ့ လူ့အခွင့်အရေးဟာ ပိုပြီးတော့ ဆုံးရှုံးတာမျိုးတွေ ဖြစ်မယ်ပေါ့။ ဒါ့ကြောင့် အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ လိုအပ်တယ်။ ပြီးတော့ အကျဉ်းထောင်တွေလည်း ရောဂါမကူးစက်အောင် စီမံခန့်ခွဲဖို့ လိုပါတယ်”
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ အကျဉ်းထောင်တွေမှာ ပိုပြီးလွယ်ကူတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လွှတ်ပေးသင့်တဲ့ အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။
“COVID – 19 ဗိုင်းရပ်စ် အချိန်မရွေးကူးစက်နိုင်မှုဟာ အကျဉ်းထောင်တွေထဲမှာ ပိုပြီးတော့ လွယ်ကူပါတယ်။ ကြီးကြီးမားမား ဆုံးရှုံးမှုတွေ မဖြစ်သေးခင်မှာ ကာကွယ်တားဆီးတဲ့အနေနဲ့ လွှတ်ပေးသင့် လွှတ်ပေးထိုက်တဲ့ အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ မြင်ပါတယ်”
အစိုးရအနေနဲ့ ဝန်ထုတ်ဝန်ပိုး ကြီးကြီးမားမား ထမ်းရွက်နေရတဲ့အခြေအနေမှာ ထောင်အတွင်းမှာ ဗိုင်းရပ်စ် ဝင်လာတာနဲ့ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နိုင်တာကြောင့် လာမယ့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တို့ စောင့်မနေဘဲ လွှတ်ပေးသင့်သူတွေကို အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့လည်း ဦးထွန်းကြည်က ပြောပါတယ်။
HRW က နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့နဲ့ အကျဉ်းသားဦးရေ လျောချဖို့ တိုက်တွန်းတောင်းဆိုတာနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
အကျဉ်းသားတွေရဲ့ မိသားစုတွေ အထိတ်တလန့်ဖြစ်အောင် Facebook Account တွေနဲ့ သတင်းအတုတွေ ဖြန့်မယ်ဆိုရင် အမှုဖွင့် အရေးယူဆောင်ရွက်သွားမယ်လို့ မတ်လ ၂၄ ရက်မှာ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အကျဉ်းဦးစီးဌာနလက်အောက်မှာရှိတဲ့ အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေမှာ ကိုရိုနာရောဂါ သံသယရှိသူ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့အထိ မတွေ့သေးဘူးလို့လည်း ပြောထားပါတယ်။