ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအတွက် ရက်တိုးမြှင့်ပေးဖို့ HRW တောင်းဆို


2015.03.26

မြန်မာအစိုးရ ရေးဆွဲလိုက်တဲ့ ရင်းနှီ်းမြှုပ်နှံမှု ဥပဒေသစ်မူကြမ်းဟာ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိနိုင်တဲ့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ အလုံအလောက်ပြုလုပ်ပြီးမှ လွှတ်တော်ကိုတင်သွင်းဖို့ နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီဥပဒေကြမ်းအတွက် အများပြည်သူရဲ့ အကြံပြုချက်တွေကို မတ်လ ၂၆ ရက်၊ ဒီကနေ့ နောက်ဆုံးထားတင်ပြဖို့ သတ်မှတ်ထားတာကို ရက်တိုးမြှင့်ပေးဖို့လိုအပ်ကြောင်း HRW အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာပါ။

ဒီဥပဒေကြမ်းရေးဆွဲစဉ်က လွတ်လပ်တဲ့အဖွဲ့အစည်းတချို့နဲ့ အနည်းအကျဉ်းဆွေးနွေးခဲ့ရာမှာ မှားယွင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပြောင်းလဲပြင်ဆင်ခွင့်မရှိတဲ့ အခြေအနေတွေ၊ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အစိုးရရဲ့အကာအကွယ်ပေးနိုင်မှု အခြေအနေတွေအပေါ်မှာ စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ အဲဒီအဖွဲ့အစည်းတချို့က ထောက်ပြခဲ့ကြကြောင်း၊ ဒီထက်ပိုပြီး ပြည်သူတွေကို ချပြတိုင်ပင်ဆွေးနွေးနိုင်ပါမှ အဲဒီ့စိုးရိမ်ပူပန်စရာအချက်တွေကို ကျော်လွှားရေးဆွဲထားတဲ့ မူကြမ်းအဆင့်ကို ရောက်ရှိနိုင်မှာဖြစ်ကြောင်း HRW အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုရေးဆွဲလိုက်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းဟာ ယခင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံ သားများ ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခုကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ အဲဒီ့ဥပဒေကြမ်းကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ကမ္ဘာ့ဘဏ်လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC အဖွဲ့ရဲ့အကူအညီနဲ့ ရေးဆွဲထားတာလည်း ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းအတွက် ဆွေနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာအောင် ကမ္ဘာ့ဘဏ်၊ IFC နဲ့ တခြားအလှူရှင် အဖွဲ့အစည်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေဘက်က မြန်မာအစိုးရကိုဖိအားပေးကြဖို့ အရေးကြီးကြောင်း HRW အဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကျွမ်းကျင်ပုဂ္ဂိုလ် Jessica Evans က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။