ကျောက်တန်းရွာ ပစ်သတ်မှု လွတ်လပ်စွာစုံစမ်းစစ်ဆေးဖို့ HRW တိုက်တွန်း


2019.05.07
kyauktan-villagers-622 ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒဏ်ရာရသူကို စစ်တွေဆေးရုံမှာ ၂၀၁၉ မေလ ၂ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်မှာ တပ်က ဖမ်းဆီးထားချိန်အတွင်း ရွာသားတွေ ပစ်သတ်ခံရတဲ့ကိစ္စအတွက် မြန်မာအစိုးရအနေနဲ့ သီးခြားလွတ်လပ်စွာ စစ်ဆေးစုံစမ်းသင့်တယ်လို့  HRW  လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ AA- ရခိုင့်တပ်မတော်နဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ ရာနဲ့ချီဖမ်းဆီးခံထားတဲ့ ရွာသားတွေထဲက အနည်းဆုံး ခြောက်ယောက်ဟာ ဒီလ ၂ ရက်နေ့မှာ ပစ်သတ်ခံရပါတယ်။

ဒီအတွက် အရာရှိ ငါးဦးပါတဲ့ စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး မေ လ ၃ ရက်ကတည်းက စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော်က ဒီလ ၅ ရက်နေ့မှာ ပြောပါတယ်။ ဒါပေမဲ့ မြန်မာတပ်ဟာ သူ့တပ်က ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့အမှုတွေကို ထိထိရောက်ရောက် ဒါမှမဟုတ် ခြေခြေမြစ်မြစ်စစ်ဆေးဖို့ ပျက်ကွက်ပြီး တာဝန်ရှိတဲ့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်က တာဝန်ခံတာဝန်ယူဖို့ အင်မတန်မှာခဲယဉ်းတဲ့  သမိုင်းကြောင်းရှည်ကြီးရှိတယ်လို့ HRW ကြေညာချက်မှာ ပါရှိပါတယ်။

ဖမ်းဆီးထားတဲ့ ရွာသားခြောက်ယောက်ကို သတ်တဲ့ကိစ္စ  မြန်မာတပ်ကဝန်ခံထားပေမဲ့ စစ်မှန်ပြီး လွတ်လပ်တဲ့ သီးခြားစုံစမ်းရေးအဖွဲ့ကသာ ဖြစ်ပျက်ပုံကို  အခြေအမြစ်ရှိရှိ စုံစမ်းနိုင်မယ်လို့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး  Brad Adams  က ပြောပါတယ်။

ဒီလို မှားယွင်းတဲ့လုပ်ရပ်ကို ကျူးလွန်သူ ဘယ်သူမဆို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ လွတ်လပ်ပြီး သမာသမတ်ကျကျ စုံးစမ်းစစ်ဆေးရေးအဖွဲ့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။