ဆီဆိုင်မြို့ အငြင်းပွားတပ်သိမ်းမြေပေါ်က စိုက်ခင်း ၃၇ ဧက ဖျက်ဆီးခံရ

ခေမဏီဝင်း
2020.07.06

တပ်မတော်နဲ့ တောင်သူတွေ မြေယာပိုင်ဆိုင်မှု အငြင်ပွားနေတဲ့ ဆီဆိုင်မြို့နယ်က မြေယာတွေမှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ မြေ ၃၇ ဧကလောက် ဖျက်ဆီးခံခဲ့ရပါတယ်။

ရှမ်းပြည်နယ် ဆီဆိုင်မြို့က အငြင်းပွားမှု ဖြစ်နေတဲ့မြေယာမှာ စိုက်ပျိုးထားတဲ့အပင်တွေကို တပ်ကလာရောက် ဖျက်ဆီးသွားတယ်လို့ ဒေသခံ တောင်သူတွေက RFA ကို ပြောပါတယ်။

တပ်မတော်ဟာ ၁၉၉၂ ခုနှစ်မှာ အဲဒီနေရာတွေကို ရောက်ရှိလာတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာမှ ဒီနေရာတွေက လယ်ယာမြေ ဧက ၂၀၀၀ ကျော်ကို သိမ်းဆည်းထားလို့ စိုက်ပျိုးခွင့် မရတော့ဘူးဆိုတာကို တောင်သူတွေက သိခဲ့ရတာဖြစ်ပြီး အခုနှစ်စိုက်ပျိုးချိန်မှာ တောင်သူနဲ့ တပ်မတော်ကြား မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး တောင်သူ ၇၀ ကျော် တရားစွဲဆိုခံထားရတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးထားတဲ့အခင်းကို ဖျက်ဆီးခံလိုက်ရသလို ခြံကိုလည်း စည်းရိုးကာ အစောင့်တွေချထားလို့ ဝင်မရဖြစ်နေ တယ်လို့ တောင်သူ ဦးမောင်ကီးက ပြောပါတယ်။

“တပ်က လာဖျက်တယ်။ စိုက်နေတဲ့ခြံဆို ၁၂ ဧကကို ဖျက်ခံရတယ်။ ဒုက္ခတော်တော်ရောက်နေတယ်။ မိဘကိုလည်း လုပ်ကျွေးရတယ်။ သားသမီးတွေ ကျောင်းသွားဖို့ စရိတ်တွေလည်း လုပ်ပေးရမယ် ဆိုတော့ တော်တော်ဒုက္ခရောက်တယ်။ ဖျက်တဲ့အချိန်က ရွာသားတွေ မမြင်ဘူး၊ ခိုးဖျက်တယ်ပေါ့၊ ဖျက်တဲ့အချိန်က ရွာသားတွေ မမြင်တဲ့အချိန်၊ ညနေပိုင်းနဲ့ မနက်ပိုင်းများတယ်။ ရွာသားက နွားသွားရွှေ့တာနဲ့ ဖျက်တဲ့အချိန် တွေ့သွားတာ၊ ရွာသားမြင်တော့ ခြံထဲကနေ ထွက်သွားတယ်“

အခုလ ၂ ရက်နေ့က ပေါ်ပေါက်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ တောင်သူ ကိုးယောက်ရဲ့ လယ်မြေ ၃၇ ဧက ဝန်းကျင်မှာ စိုက်ပျိုးထားတဲ့ ပြောင်း၊ စပါး၊ ပဲစင်းငုံ စိုက်ခင်းတွေ ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။

အဖျက်မခံရသေးတဲ့ တောင်သူတွေလည်း အိပ်မပျော်ကြပဲ စိုးရိမ်နေကြရတယ်လို့ ဆီဆိုင်မြို့က တောင်သူ ခွန်ချစ်ထွေးက ပြောပါတယ်။

“ဖျက်ဆီးခံရတဲ့ခြံ၊ စိုက်ပျိုးနေတဲ့ခြံတွေက ကုန်ကျစရိတ်တွေက စိုက်ပျိုးရေးချေးငွေတွေ၊ မြစိမ်းရောင် ချေးငွေတွေ ယူထားကြတော့ ဖျက်ဆီးခံရတော့ တအားဝမ်းနည်းကြတယ်၊ ငိုပြီးတော့ ပြောကြတယ်။ ကိုယ့်အရင်းနဲ့ မဟုတ်ဘူး၊ အတိုးနဲ့ ယူထားကြတော့ နောက်နှစ် ဘယ်လိုပြန်ဆပ်ရမလဲဆိုပြီး ငိုကြတယ်“

မြေယာအရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၄ ရက်နေ့က တပ်အတွင်းမှာ တိုင်းမှူးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ဒေသဦးစီးမှူး၊ မြို့နယ် မြေစာရင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ စိုက်ပျိုးရေးရာသီဖြစ်လို့ ဆက်လက်စိုက်ပျိုးခွင့်ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သန်းထူးက ပြောပါတယ်။

“တောင်သူတွေနဲ့ ထပ်တူပါပဲ၊ မနက်ဖြန်မှာလည်း တောင်သူတွေနဲ့ တွေ့ဖို့ရှိတယ်။ အစိုးရကိုလည်း တောင်းဆိုသွားမယ်။ ပြဿနာကို နိုင်ငံတော် အစိုးရဆီကိုလည်း ဆက်လက်တင်ပြဖို့ စီစဉ်ထားတယ်“

ပြီးခဲ့တဲ့လကလည်း မြေသိမ်းခံတောင်သူတွေနဲ့ တပ်မတော် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ ဆီဆိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပြီး အဲဒီနောက်မှာတော့ တောင်သူတွေဆီ ကနေ သိမ်းဆည်းထားတဲ့ လယ်ထွန်စက်တွေကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်  ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အငြင်းပွားမြေနဲ့ ပတ်သက်ပြီး တပ်မတော်က အသုံးမပြုတဲ့မြေတွေကို ပြန်လည်စွန့်လွှတ်နေကြောင်း၊ လက်ရှိ သိမ်းထားတဲ့မြေတွေဟာ ပြန်လည်စွန့်လွှတ်လို့ မရကြောင်း၊ ဆီဆိုင်မြေယာကိစ္စကို သူ့အနေနဲ့ မသိကြောင်း ဇွန်လဆန်းက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။