ဆီဆိုင်မှာ လက်နက်ကြီးကြောင့် ကျောင်းသူတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

RFA Burmese
2024.04.08
ဆီဆိုင်မှာ လက်နက်ကြီးကြောင့် ကျောင်းသူတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ ဆီဆိုင်မြို့နယ် တွေပူးရွာတွင် ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးခဲ့သည့် မနန်းမြစိန်။
PNLA

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တွေပူးရွာမှာ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ကျည်ထိမှန်လို့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဆီဆိုင်မြို့ခံ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က စစ်ရှောင်နေကြတာဗျ။ သူတို့နေတဲ့နေရာမှာ ရေကုန်လို့ သူတို့ရွာကို ပြန်ပြီးရေခပ်တဲ့အချိန် လက်နက်ကြီး ကျည်ကျလာတာ။ ၁၀ တန်းကျောင်းသူ တစ်ယောက်က ဆုံးသွားတယ်။ နှစ်ယောက်တော့ ဒဏ်ရာ ရတာပေါ့”

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ကတော့ ဆိုက်ခေါင်ရွာနဲ့ လွယ်ပွတ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ ၁၀ တန်းကျောင်းသူ နန်းမြစိန်လို့ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဆိုက်ခေါင်ရွာ၊ လွယ်ပွတ်ရွာနဲ့ ဆီဆိုင်မြို့ပေါ်နေရာတချို့မှာ မတ်လ ကုန်ပိုင်းကစပြီး PNO ပြည်သူ့စစ်၊ စစ်ကောင်စီတပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ ခမရ (၄၂၃)၊ ခမရ (၄၂၅)၊ ခမရ (၄၂၆) တပ်ဖွဲ့တွေက နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

PNLA တပ်ဖွဲ့ဝင်တွေကတော့ ဆီဆိုင်မြို့ပေါ် နေရာတချို့နဲ့ မြို့နဲ့နီးစပ်တဲ့ ကျေးရွာတွေမှာ တပ်စွဲထားပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်ဖြစ်နေတုန်းပဲလို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။

ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်းလောင်းမြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က စတင်တဲ့ နှစ်လကျော် တိုက်ပွဲအတွင်းမှာ ကလေးငယ်တွေအပါအဝင် အရပ်သား ၅၈ ဦး သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံးရဲ့ ဧပြီလ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် လူဦးရေ ခုနစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။