သီပေါမြို့ လေကြောင်းတိုက်ခိုက်မှု ဒေသခံ တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

RFA Burmese
2024.09.16
သီပေါမြို့ လေကြောင်းတိုက်ခိုက်မှု ဒေသခံ တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသည့် အ‌ဆောက်အအုံတချို့ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Telegram/ PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စက်တင်ဘာ ၁၆ ရက်နေ့က ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ကိုးနာရီကနေ ဆယ်နာရီအထိ စစ်ကောင်စီက Y12 လေယာဥ်နဲ့ ဗုံး အလုံး ၅၀ ကျော် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သီပေါမြို့ရဲ့ အနောက်ရပ် ရပ်ကွက်နဲ့ စင်မာလာ ပြည်သူ့ ဥယျာဥ်ထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၅ ရက်နေ့ ညကလည်း စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် သီပေါမြို့ ဇတ်စုရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းကရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တာကြောင့် သီပေါမြို့မှာ ဩဂုတ်လ တစ်လအတွင်း အရပ်သား ၂၁ ဦး သေဆုံးပြီး ၄၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က စက်တင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

"၁၀၂၇ စစ်ဆင်ရေး" ဒုတိယလှိုင်း စတင်ခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ကစလို့ သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပြီး သြဂုတ်လ ၁၀ ရက်နေ့မှာ သီပေါတံတားနဲ့ မြို့အတွင်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားပြီးနောက် သီပေါမြို့ ဌာနဆိုင်ရာရုံးတွေနဲ့ မြို့ပေါ်နေရာအားလုံးကို TNLA တပ်ဖွဲ့က ထိန်းချုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦတွေအပါအဝင် ဒေသခံတွေရဲ့နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ အများအပြားရှိနေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ပြောဆိုချက်နဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။