သီပေါမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ငါးရက်အတွင်း ၁၁ ဦး သေဆုံး

RFA Burmese
2024.08.15
သီပေါမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ငါးရက်အတွင်း ၁၁ ဦး သေဆုံး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က TNLA မှထုတ်ပြန်ထားစဥ်။
TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ သြဂုတ်လ ၉ ရက်နေ့က ၁၃ ရက်နေ့အထိ ငါးရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သြဂုတ်လ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲ အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး လေးဦးဖြစ်ပြီး လတ်တလော အခြေအနေအရ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။

ဒဏ်ရာရတဲ့ ၁၂ ဦးထဲမှာတော့ ဒေသခံတွေအပါအဝင် အသက် လေးဆယ်အရွယ် သီလရှင်တစ်ပါးနဲ့ ကလေးငယ်တစ်ဦးတို့ ပါဝင်နေပါတယ်။

စစ်ကောင်စီတပ်က ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြိုလယ်ရပ်၊ နားလွယ်၊ မြိုဟောင်း၊ ကုန်းဆုံကျေးရွာနဲ့ နမ့်ပေါ့ချောင်းသို တို့ကို လေကြောင်းနဲ့ လက်နက်ကြီးတွေ တိုက်ခိုက်ခဲ့တာပါ။

သီပေါမြို့မှာ နေထိုင်တဲ့လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ စစ်ကောင်စီဘက်က အချိန်မရွေး လေကြောင်းကနေ ပစ်ခတ်နေတယ်လို့ RFA ကို ပြောပါတယ်။

“နေ့စဥ် နေရတာမဖြောင့်ဘူး။ နေ့တိုင်း ညတိုင်းကိုပစ်တာ။ အကုန်လုံးက မြို့ကထွက်ဖို့ စီစဥ်ထားပေမဲ့ ပိတ်မိမှာလည်း စိုးရိမ်ကြတယ်။ ကျွန်တော်မိတ်ဆွေတွေတော့ စောစောစီးစီး ထွက်သွားတော့ လွတ်သွားကြတယ်”

သြဂုတ်လ ၁၄ ရက် မနေ့က သီပေါမြို့ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ - ၂၃ မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် နှစ်ဆယ်နီးပါး လုပ်ခဲ့တယ်လို့ TNLA ကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလ ဒုတိယပိုင်းမှာ MNDAA တပ်ဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်ထားပြီး TNLA က ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုမြို့တွေကို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။