သီပေါမှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ
2024.08.24

ရှမ်းပြည်နယ် သီပေါမြို့မှာ ဩဂုတ်လ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်လိုက်ပါတယ်။
သြဂုတ်လ(၂၄) ရက်နေ့ မနက်က စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့နေရာကို လက်နက်ကြီးနဲ့ ခြောက်လုံး ပစ်ခတ်ခဲ့ပြီး သီပေါမြို့ ရွှေကျောင်းရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲတာကြောင့် အသက် (၆၀)ကျော် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် (၆၀) ကျော်အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ရွှေကျောင်းအနောက်ဘက်ရပ်ကွက်မှာရှိတဲ့ အမျိုးသမီးတစ်ဦးလည်း ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။
သီပေါမြို့မှာ ဩဂုတ်လ (၁)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် အရပ်သား (၁၇) ဦး သေဆုံးပြီး (၅၇)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း TNLA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီလို့အရပ်သားတွေကို ဦးတည်တိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နောင်ချိုမြို့နယ်ဘက်မှာ စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းနေတာကြောင့် TNLA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
သီပေါမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာအားလုံးကို TNLA က ထိန်းချုပ်ထားနိုင်ပြီလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ဩဂုတ်လ ၂၁ ရက်နေ့မှာ RFA ကို အတည်ပြု ပြောဆိုပါတယ်။