ထိပ်တန်းမြန်မာစက်ရုံ ဆန္ဒပြမှု အလုပ်သမား ၆ ဦး အလုပ်ထုတ်ခံရ
2013.02.08
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က စက်ရုံထဲမှာရှိတဲ့ အလုပ်သမား ၇၀၀ ထဲက ၃၀၀ကျော်ဟာ နေ့လည်ထမင်းစားပြီးချိန်မှာ လစာတိုးမပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်ထဲ အလုပ်ပြန်မဝင်ဘဲ ဆန္ဒပြခဲ့တာကြောင့် အဲဒီ အလုပ်သမား ၆ ဦးကို အလုပ်ထုတ်လိုက်တာလို့ အဲဒီအရေးကို ဆောင်ရွက်ပေးနေတဲ့ လှိုင်သာယာ စက်မှုဇုန်အလုပ်သမားထု အခွင့်အရေး ဖော်ဆောင်မှု သမဂ္ဂများကော်မတီ ဥက္ကဌ ကိုမျိုးမင်းသိန်း က ပြောပါတယ်။
အခုလို အလုပ်ထုတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အလုပ်သမားရုံးကို တိုင်ကြားသွားမယ်လို့ ကိုမျိုးမင်းသိန်း က ဆိုပါတယ်။ အဲဒီအပြင် လစာကိုလည်း ပေးထားတဲ့ ကတိအတိုင်း တိုးပေးဖို့၊ စက်ရုံမှာရှိတဲ့ ဝန်ထမ်းတွေကို လူမှုဖူလုံရေးကတ် ထုတ်ပေးဖို့၊ စက်ရုံအတွင်းမှာ ဆေးခန်းဖွင့်ပေးဖို့၊ အိမ်သာသန့်ရှင်းရေးအတွက် ဆောင်ရွက်ပေးဖို့၊ သောက်ရေအိုးစင် ထားပေးဖို့၊ ထမင်းစားခုံ အပြည့်အဝထားပေးဖို့စတဲ့ အချက်တွေကို တောင်းဆိုသွားမယ်လို့ သိရပါတယ်။