ထမံသီရေကာတာစီမံကိန်းရပ်ဖို့ အိန္ဒိယရောက် မြန်မာများ တောင်းဆို
2011.12.08

RFA
ကူကီးအမျိုးသမီးများနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်း (မြန်မာနိုင်ငံ) KWHRO နဲ့ ကူကီးကျောင်းသား ဒီမိုကရက်တစ်တပ်ဦး KFDF တို့ ဦးဆောင်ပြီး နယူးဒေလီမြို့ အိန္ဒိယပါလီမန်နားက ဂျန်တားမန်တား ပန်းခြံအနီးမှာ ဒီကနေ့မနက် ဆန္ဒပြ တောင်းဆိုတာနဲ့ ပတ်သတ်ပြီး KWHRO ဥက္ကဋ္ဌ မငိုင်ငိုင်းက အာရ်အက်ဖ်အေကို အခုလိုပြောပါတယ်။
“အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရကို ထမံသီရေကာတာ ဆောက်လုပ်နေတာကို အမြန်ဆုံး ရပ်တန့်ပေးဖို့နဲ့ တစ်ချိန်တည်းမှာပဲ အတင်းအဓမ္မ ပြောင်းရွှေ့ခြင်းခံရတဲ့ ပြည်သူလူထုတွေကို သူတို့ရပ်နေရပ်ကို ပြန်ပြီတော့မှ ပို့ဆောင်ပေးဖို့၊ ပြန်လည်နေရာချထားပေးဖို့နဲ့ တဆက်တည်းမှာ သင့်တင့် လျောက်ပတ်တဲ့ နစ်နာကြေးတွေကို ပြန်ပေးဖို့ အတွက် ကျွန်မတို့က တောင်းဆိုထားပါတယ်”
ယခင်စစ်အစိုးရ လက်ထက် ၂၀၀၄ ခုက ထမံသီ ဆည်ဆောက်လုပ်ရေး လုပ်ငန်းတွေကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ခေတ္တရပ်ဆိုင်းခဲ့ပြီး သမ္မတဦးသိန်းစိန် အိန္ဒိယခရီးစဉ် နောက်ပိုင်းမှာ ပြန်လည် လုပ်ကိုင်လာတယ်လို့ မငိုင်ငိုင်းက ပြောပါတယ်။
“စစ်အစိုးရ လက်ထက်တုန်းကတော့ သူတို့မြေယာတွေ တိုင်းတာတာတို့ ဧရိယာတွေ တိုင်းတာတို့ မြေကြီးတွေကို စစ်ဆေးတာတို့ လုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်း ၂၀၀၇ မှာရပ်သွားတယ်။ သုံးနှစ်လောက် ဘာမှမလုပ်ဘဲ နားတယ်။ အခု ၂၀၁၁ မှာတော့ သူတို့ ပြန်ပြီးမှပေါ့ ဒီလုပ်ငန်းကို ဆက်လုပ်ဖို့ အတွက် ပြီးခဲ့တဲ့ ၂ လ ၃ လလောက်က လက်ရှိသမ္မတ ဦးသိန်းစိန် လာသွားတယ်လေ။ ဒမ်တွေနဲ့ပတ်သတ်ပြီး အိန္ဒိယနဲ့ လုပ်ဆောင်နေတာတွေကို ဆက်လက်လုပ်မယ်ဆိုပြီး သူတို့ ပြောခဲ့တာ ရှိတယ်။ ဒီနှစ်အတွင်းမှာ သူတို့ပြန်လုပ်တယ်၊ တာနယ်ပေါ့၊ ရေလွှဲလမ်းကြောင်း တူးမြောင်း ဖောက်တယ်။ အဲဒါတွေ အားလုံးကို ကျွန်မတို့က အထောက်အထားနဲ့ အကုန်လုံး”
အဲဒီဆန္ဒပြပွဲမှာပဲ အင်္ဂလိပ် မြန်မာ ကူကီးဘာသာတွေနဲ့ ရေးသားထားတဲ့ Stop Damming The Chindwin အမည်ရှိ စာအုပ်ဖွင့်ပွဲကိုလည်း တစ်ဆက်တည်း ကျင်းပခဲ့ပြီး နိုင်ငံတကာ ရေကာတာ တည်ဆောက်ရေး ဥပဒေဒေတွေနဲ့ ကိုက်ညီမှု မရှိတဲ့အပြင် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်၊ လယ်ယာမြေတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေကိုလည်း အဲဒီစာအုပ်မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
အဲဒီရေကာတာ ဆောက်လုပ်မယ့် ဒေသမှာ ကူကီးလူမျိုး တိုင်းရင်းသားတွေ အများဆုံး နေထိုင်ပြီး ရေလွှမ်းမိုးမယ့် မြေဧရိယာ ပမာဏမှာ ၁၄၀၀ စတုရန်း ကီလိုမီတာခန့် ရှိတယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန် အနေနဲ့ ပြည်သူလူထု လေးစားယုံကြည် စေချင်တယ်ဆိုရင် ဧရာဝတီမြစ်ဆုံ စီမံကိန်းလိုပဲ ပြည်သူလူထု အသံကို နားထောင်ပြီး ထမံသီ ရေကာတာ စီမံကိန်းကိုလည်း ရပ်တန့် ပေးသင့်တယ်လို့ သူကပဲ ဆက်ပြောပါတယ်။
ထမံသီ ရေအားလျှပ်စစ် စီမံကိန်းကို အိန္ဒိယအစိုးရပိုင် NHPC အမျိုးသား ရေအားလျှပ်စစ် ကုမ္မဏီက တာဝန်ယူ ဆောက်လုပ်နေပြီး ယခုနှစ် နိုဝင်ဘာ ၁၄ ရက်က အိန္ဒိယ မြန်မာ ပူးတွဲ ထုတ်ပြန်တဲ့ခဲ့တဲ့ ကြေညာချက်မှာ ထမံသီ ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းရဲ့ အသေးစိတ် အစီရင်ခံစာ ပြီးစီးသွားကြောင်း ပါဝင်ပါတယ်။ ဒီကနေ့ ဆန္ဒပြ တောင်းဆိုမှုနဲ့အတူ အိန္ဒိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတွေကို လိပ်မူကာ သဝဏ်လွှာ အသီးသီး ပေးပို့ခဲ့ပြီး လူဦးရေ ၂၀၀ နီးပါး ပါဝင်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။