ထန်တလန်မြို့ CNF ရုံးချုပ်အနီး စစ်လေယာဥ်တွေ ပျံသန်းခဲ့

2021.10.13
ထန်တလန်မြို့ CNF ရုံးချုပ်အနီး စစ်လေယာဥ်တွေ ပျံသန်းခဲ့ ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ်
Photo: Chin National Front - Headquarters

ချင်းပြည်နယ်၊ ထန်တလန်မြို့က ချင်းအမျိုးသားတပ်ဦး (CNF) ရုံးချုပ်ရှိရာ ဝိတိုရိယတောင်အနားမှာ အောက်တိုဘာလ ၁၂ ရက် မနေ့နေ့လယ်ပိုင်းက စစ်လေယာဉ်တွေ ပျံသန်းခဲ့သလို ဒီနေ့မှာလည်း စစ်ကားတွေ အများအပြား ချင်းပြည်နယ်ထဲကို ဝင်လာနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

“မနေ့က လေယာဉ်ကတော့ ထန်တလန်မြို့နယ်အတွင်းမှာ အပေါ်ကနေ လေ့လာစူးစမ်းခဲ့တယ်၊ ဒီနေ့ မနက် စစ်ကားတွေ ဖလမ်းကနေထွက်လာပြီး ဟားခါးမြို့ကို ရောက်လာတယ်လို့ ကြားတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကောင်ရဲ့ အင်အားတိုးချဲ့မှုတွေ အများအပြားဝင်ရောက်လာပြီး ဖလမ်းကနေမှ အခြား မြို့နယ်တွေကို ဆက်သွားနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ ဖလမ်း-ရိဒ်၊ ဖလမ်း-ဟားခါး လမ်း‌တွေကို သေရေး ရှင်ရေးကလွဲပြီး ခရီးသွားလာတာ လုံး၀မလုပ်ဖို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ဒီနေ့မှာပဲ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လမ်းတစ်လျှောက်က ဒေသခံတွေနဲ့ ခရီးသွားကားတွေကို ဖမ်းဆီးစစ်ဆေး တာတွေ လုပ်နေတာကြောင့် ဒေသခံတွေ ခရီးအသွားအလာမလုပ်ဖို့ တားမြစ်ရတာဖြစ်တယ်လို့ CNO ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ချင်းပြည်နယ်ထဲမှာ ဟားခါးမြို့ကလွဲပြီး ကျန်တဲ့ရှစ်မြို့နယ်ကို စက်တင်ဘာ ၂၃ ရက်နေ့ကစလို့ အင်တာနက် လိုင်း ဖြတ်တောက်ထားပြီး လက်ရှိ စစ်အင်အား တိုးချဲ့နေတာပါ။

အောက်တိုဘာလ ၁၂ ရက် မနေ့က တင့်ကား နှစ်စီးနဲ့ စစ်သုံးယာဉ် ၄၈ စီးဟာ ဖလမ်းမြို့နယ်ကို ၀င်လာခဲ့ သလို မကွေးတိုင်း ပခုက္ကူမြို့က ထွက်လာတဲ့ စစ်ကား ၈၈ စီးကလည်း မင်းတပ်မြို့ကို ရောက်လာခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက် ဒီကနေ့ မနက်ပိုင်းမှာလည်း မကွေးတိုင်း ကျောက်ထုမြို့ဘက်က‌နေ စစ်ကားအစီး ၉၀ နဲ့ တင့်ကားနှစ်စီး ချင်းပြည်နယ် မင်းတပ်မြို့ကို တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။