ထီးလင်းက လူ ၇၀၀ ကျော်နေထိုင်တဲ့ စစ်ဘေးဒုက္ခသည်စခန်း ပျက်စီး
2023.05.16

မိုခါမုန်တိုင်းကြောင့် မကွေးတိုင်း၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာအနီးက ဒုက္ခသည် ၇၀၀ ကျော် နေထိုင်တဲ့ စခန်းတစ်ခုလုံး မေလ ၁၄ ရက်ညမှာ ရေလွှမ်းခံရပြီး ပျက်စီးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။
ဒီဒုက္ခသည်စခန်းမှာ ယာယီတဲ အလုံး ၂၀၀ ဝန်းကျင်ရှိပါတယ်။
စစ်ကောင်စီတပ်က ထီးလင်းမြို့နယ်အနောက်ခြမ်းကို နယ်မြေရှင်းလင်းရေးလုပ်တိုင်း ထန်းပင်ကုန်းရွာကို ဝင်ရောက်တာကြောင့် ရွာအနောက်ဘက်မှာ ဒုက္ခသည်စခန်းဆောက်ပြီး ရွာသားတွေ တိမ်းရှောင်ကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ထီးလင်းအနောက်ခြမ်းကို စစ်ကြောင်းထိုးတိုင်း ထန်းပင်ကုန်းနားကိုဖြတ်သွားတာဆိုတော့ ရွာက တော်တော်လေး မလုံခြုံလို့ လွတ်တဲ့နေရာမှာပဲ တစ်ရွာလုံးပြောင်းနေကြတာဗျ။ အဲဒါကြောင့် သူတို့က ပိုများတာဗျ”
မေလ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ မိုးဆက်တိုက်မိုးရွာသွန်းရာက ထန်းပင်ကုန်းရွာ တောင်ဘက်က မောချောင်းထဲရေလျှံပြီး ဒုက္ခသည်စခန်းကိုရေလွှမ်းခဲ့တာလို့ သူက ပြောပါတယ်။
ထန်းပင်ကုန်းရွာမှာ အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိပြီး တစ်ရွာလုံးနီးပါးဟာ ရွာအနောက်ခြမ်း မောချောင်းနားမှာ ယာယီတဲတွေဆောက်ပြီး စစ်ရှောင်နေကြတာပါ။
မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီး နေအိမ်တွေ ရေနစ်မြုပ်တာ၊ စိုက်ခင်းတွေပျက်စီးတာနဲ့ အရပ်သားတချို့ သေဆုံးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။