သမ္မတရဲ့ တရုတ်ခရီးစဉ် နဲ့ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်


2017.04.13
htinkyaw-china-620.jpg နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဇနီး ဒေါ်စုစုလွင်တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် ဇနီး မစ္စ ဖန်းလီယွမ်တို့နဲ့အတူ ဧပြီလ ၁ဝ ရက်နေ့က တွေ့ရစဉ်
Photo:Myanmar President Office

ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ပညာရေး ကဏ္ဍတွေ အတွက် တရုတ်နိုင်ငံက ယွမ် ၁ ဘီလီယံ အကူအညီပေးသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်မှာ အခုလိုအကူအညီတွေပေးဖို့ အပါအဝင် သဘောတူညီချက် ၉ ခုတို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၂ ရက် မနေ့က သတင်းထုတ်ပြန်ထားတာပါ။

နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ဖို့၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အကူအညီတွေပေးဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်ဆွေးနွေးမယ့် ဆွေးနွေးပွဲတွေကို လည်း ဆက်ပြီးကျင်းပကြဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေကြတဲ့ ကျောက်ဖြူ အထူး စီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေကို ဆွေးနွေးခဲ့ကြ တယ်လို့ ဖော်ပြထားပေမယ့် မြစ်ဆုံစီမံကိန်းကိစ္စကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးအပါအဝင် အစိုးရဝန်ကြီးတွေဟာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ကြတာပါ။

အဲဒီခရီးစဉ်အတွင်းမှာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် မစ္စတာ လီခချန်း တို့အပါအဝင် တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။