ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်ပွဲအဖြစ် ဦးထင်ကျော် ပြောကြား
2016.03.15

သမ္မတအဖြစ် ရွေးချယ်ခံရတာဟာ ပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲဖြစ်တယ်လို့ သမ္မတသစ် ဦးထင်ကျော်က မနေ့ကပြောလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ သမ္မတသစ် ရွေးချယ်တင်မြှောက်ပွဲအပြီး ပြန်အထွက်မှာ ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်ပါသလဲလို့ သတင်းထောက်တွေက မေးမြန်းတာကို သမ္မတ ဦးထင်ကျော် က အခုလိုပြန်လည်ပြောဆိုလိုက်တာဖြစ်ပါတယ်။
"ပြည်သူတွေရဲ့ စေတနာ မေတ္တာနဲ့ ဖြစ်တာပါ၊ ပြည်သူတွေရဲ့အောင်ပွဲ၊ အမ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်ပွဲပါ၊ ကျေးဇူးအများကြီးတင်ပါတယ်"
သမ္မတရွေးချယ်တင်မြှောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၆၅၂ ဦး ဆန္ဒမဲပေးခဲ့ကြပြီး၊ ဦးထင်ကျော် က မဲအရည်အတွက် (၃၆၀)၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေက (၂၁၃) မဲနဲ့၊ ဦးဟင်နရီ ဗန်ထီးယူက (၇၉) မဲရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မဲအများဆုံးရရှိတဲ့ ဦးထင်ကျော်ကို သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။
သမ္မတ ဦးထင်ကျော်ဟာ ၁၉၉၂ ခုနှစ်လောက်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့အတူ နိုင်ငံရေးတာဝန်တွေထမ်းဆောင်ခဲ့ပြီး၊ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းမှာ ဦးဆောင်တာဝန်ယူနေ သူဖြစ်ပါတယ်။
သူဟာ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ သားဖြစ်ပြီး သူရဲ့ငယ်နာမည်ဖြစ်တဲ့ “ဒလဘန်း” ကလောင် အမည်နဲ့ စာရေးဆရာအဖြစ် ရပ်တည်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ စီးပွါးရေး ဘွဲ့လွန်ရခဲ့ပြီး၊ ၁၉၇၄-၇၅ မှာ ကွန်ပျူတာမဟာသိပ္ပံဘွဲ့ရရှိ ခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံ လန်ဒန်တက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စု မန်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ချ်တက္ကသိုလ်တွေမှာပညာဆည်းပူးခဲ့ပါတယ်။