ငြိမ်းချမ်းရေးနဲ့ ပြည်သူဘဝ ချမ်းသာရေး ဆောင်ရွက်မယ်လို့ သမ္မတပြော


2017.04.18
htinkyaw-wife-thongwa-620.jpg နိုင်ငံတော်သမ္မတနှင့် ဇနီးဒေါ်စုစုလွင် မိသားစုတို့ရဲ့ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ဧပြီလ ၁၈ ရက်နေ့က သုံးခွမြို့မှာပြုလုပ်ခဲ့စဉ်
Photo: Aung Thain Kha/RFA

ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုဘဝ ချမ်းသာရေးကို အဓိကထားလုပ်ဆောင်သွားမယ် လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဒီကနေ့ ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မဟာ အတုလ ဝေယံ သာသနာ့ ဗိမာန် တော်ကြီးမှာ ကျင်းပတဲ့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင် မိသားစု မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ မင်္ဂလာနဲ့ သက်ကြီး ပူဇော်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင် မိသားစု နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ မင်္ဂလာနဲ့ သက်ကြီးပူဇော်ပွဲ ကျင်းပတာ ဒီနှစ်ဆိုရင် ၂ ကြိမ်မြောက်ဖြစ်ပြီး ဒီနှစ်ဟာ ပထမဆုံးအကြိမ် အဖြစ် နိုင်ငံတော်အဆင့် ကျင်းပတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဇနီးဒေါ်စုစုလွင် မိသားစုဟာ သံဃာတော်အရှင်သူမြတ် ၁၀ ပါးကို ဆွမ်း၊ သင်္ကန်းနဲ့ လှူဖွယ် ဝတ္ထုတွေကို လှူဒါန်းခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော် ချီးမြှင့်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက အသက် ၈၀ နဲ့ အထက် အဘိုး၊ အဘွား ၁၅၀၀ ကျော်အတွက် အသုံးအဆောင်ပစ္စည်းတွေနဲ့ အလှူငွေပေးအပ် ကန်တော့ခဲ့ပါတယ်။

ဒီကနေ့ အလှူကို နိုင်ငံတော်အဆင့် ကျင်းပခဲ့ပေမယ့် နိုင်ငံတော်သမ္မတနဲ့ ဇနီးဒေါ်စုစုလွင် မိသားစုရဲ့ ကိုယ်ပိုင်ငွေ နဲ့ လှူဒါန်းတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အစိုးရသက်တမ်းအစမှ စတုဒီသာ အလှူပွဲကျင်းပခဲ့ပေမယ့် နိုင်ငံတော်သမ္မတနဲ့ ဇနီး တက်ရောက် ခဲ့ခြင်းမရှိဘဲ သုံးခွမြိ့နယ် ပြည်သူတွေကို ဖိတ်ကြားပြီး စတုဒီသာ လှူဒါန်းခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ ကြပါတယ်။

သုံးခွမြို့ဟာ ဒေါ်စုစုလွင် ရဲ့ ဇာတိဖြစ်ပြီး အခမ်းအနားအပြီးမှာတော့ သမ္မတ ဦးထင်ကျော် နဲ့ ဇနီး ဒေါ်စုစုလွင် တို့ဟာ သုံးခွမြို့ ၁ရပ်ကွက် မဂ္ဂင်လမ်းက နေအိမ်ကို သွားရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။