စုံစမ်းရေးကော်မရှင်ဖွဲ့ရေး ထိုင်း လူ့အခွင့်အရေး အကြီးအကဲ တိုက်တွန်း

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းနိုင်ဖို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို ထိုင်းနိုင်ငံ အပါ အဝင် အာဆီယံအဖွဲ့ကပါ ထောက်ခံဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မင်းကြီး Dr. Nirun Pitakwatchara က တိုက်တွန်း လိုက်ပါတယ်။

2011.08.09
un_human_rights_council_305_z.jpg ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ
UN Human Rights Council

ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ မြန်မာ့အရေး လှုပ်ရှားသူတွေ မနေ့က ကျင်းပတဲ့ ရှစ်လေးလုံး (၂၃)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ သူက အဲဒီလို ထုတ်ဖေါ်ပြောဆို လိုက်တာပါ။

အာဆီယံ နိုင်ငံတွေကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်နေရုံနဲ့ မပြီးဘဲ အာဆီယံ ပြည်သူတွေ အကျိုးအတွက်ကိုလည်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း စုံစမ်းရေး ကော်မရှင် ဖွဲ့ရေးကိစ္စကို မထောက်ခံရင် အာဆီယံအတွက် အနာဂါတ် ပျောက်ဆုံး နိုင်ကြောင်း Dr. Nirun က သတိပေး ပြောကြား ပါတယ်။

ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထိုင်းလူ့အခွင့်အရေး ကော်မရှင်မင်းကြီး Dr. Nirun Pitakwatchara ကထောက်ခံ လိုက်တာနဲ့ ပတ်သက်လို့ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက် သူများ ကွန်ယက် တာဝန်ခံ ဒေါ်ခင်ဥမ္မာက ကြိုဆို လိုက်ပါတယ်။

“Pitakwatchara က အာဆီယံကို စီးပွားရေး ပူးပေါင်း ဆောင်ရွက် တာကိုပဲ မဖြစ်စေချင်ဘူးတဲ့။ လူထုအတွက် ရပ်တည် ပေးတာမျိုးကို ဖြစ်စေချင်တယ်။ ဒါကြောင့်မို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ကို ထောက်ခံရမယ်။ တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က ရွာတွေကို မီးရှို့သတ်ဖြတ် လုပ်ချင်သလို လုပ်နေတာ ဗိုလ်ချုပ်သိန်းစိန် အစိုးရကလည်း ဘာမှ အရေးယူတာ မလုပ်တဲ့အပြင် လောလောဆယ် မှာကို မုဒိန်းကျင့်တာ ပေါ်တာဆွဲ တာတွေ ဖြစ်နေတယ်။ ဒါ့ကြောင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ လိုတယ် လောလောဆယ် ဖြစ်နေတာတွေ ကိုပါ ရပ်တန့်နိုင်မယ် ကာကွယ် နိုင်မယ်လို့ ပြောတာဖြစ်တယ်”

ပြီးခဲ့တဲ့ မေလတုန်းကလဲ အင်ဒိုနီးရှား လူ့အခွင့်အရေး ကော်မရှင် ဒုတိယအကြီးအကဲ Mr. Nurkholis က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို အာဆီယံက ထောက်ခံဖို့ တိုက်တွန်း ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။