တတိယအကြိမ် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်စတင်


2015.06.15
human-rights-film-620.jpg လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်နေ့က ဝဇီရာရုံမှာ စတင်ပြသစဉ်
Photo: Zarni Tun/RFA

တတိယအကြိမ်မြောက် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့က နေပြည်တော်နဲ့ ဝဇီရာရုပ်ရှင်ရုံတွေမှာ ဒီကနေ့ကစပြီး ၄ ရက်တိတိ အခမဲ့ပြသနေပါတယ်။

ပြည်တွင်းနဲ့ ပြည်ပက မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုနဲ့ Animation ဇာတ်လမ်းပေါင်း ၆၇ ကားထဲက ၆၅ ကားကို ပြသနေတာဖြစ်တယ်လို့ ရုပ်ရှင်ပွဲတော်စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

"ဒီနေ့ပြဿနာတစ်ခုရှိတာက ဘာလဲဆိုတော့ တီဗွီမှာပြပြီးသားရုပ်ရှင်၊ အွန်လိုင်းမှာ တင်ထားပြီးသားရုပ်ရှင် ကျနော်တို့ကမပြဘူး၊ မရွေးချယ်ဘူး၊ ဖောင်ထဲမှာလည်း အတိအကျဖြည့်ခိုင်းတယ်၊ ဥပမာ ဘယ်နှစ်ကပြပြီးပြီလဲ၊ ဘယ်ရုပ်ရှင်ပွဲတော်မှာ ပြထားတာလဲ၊ ဘယ်တုန်းကထုတ်လုပ်တာလဲဆိုတာပါတယ်၊ ဒါပေမဲ့ ရုပ်ရှင်ကားနှစ်ကား ကတော့ အဲဒီ့ဟာတွေကို မှန်မှန်ကန်ကန်မဖြည့်တဲ့အတွက် ပရိုဂရမ်ထဲမှာပါတယ်၊ ပရိုဂရမ်ထွက်သွားပြီးမှ ကိုယ်တို့သိတယ်၊ အဲ့ကားနှစ်ကားကို ပြသခွင့်ရပ်ဆိုင်းလိုက်တယ်"

အဲဒီမှတ်တမ်းရုပ်ရှင်တွေထဲမှာ တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း တလျှောက်မှာရှိတဲ့ ဒေသခံတွေရဲ့ ခံစားချက်တွေနဲ့ အခက်အခဲတွေကို ရိုက်ကူးထားတဲ့"ကန့်လန့်ဖြတ်" မှတ်တမ်းရုပ်ရှင်၊ လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို ရိုက်ကူးထားတဲ့ "ရက် ၆၀"မှတ်တမ်းရုပ်ရှင်၊ ကလေးစစ်သား ၃ယောက်အကြောင်း ရိုက်ကူးထားတဲ့ "အိမ်ပြန်လမ်း" စတဲ့ မှတ်တမ်းရုပ်ရှင်တွေ ပါဝင်ပါတယ်။

အဲဒီဇာတ်ကားတွေကို အကဲဖြတ်ဒိုင် ၂၃ ဦးက ရွေးချယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဆု၊ ကိုမင်းကိုနိုင်ဆု၊ ဟံသာဝတီဦးဝင်းတင်ဆု၊ မတ် ၁၃ ဆု စတဲ့ ဆု ၈ခုကို လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို RFA သတင်းထောက် မဇာဏီထွန်း မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။