လူ့အခွင့်အရေး မူဝါဒနဲ့ လျော်ညီတဲ့ ဥပဒေသစ်တရပ် ပြဋ္ဌာန်းဖို့ တောင်းဆို
2012.07.09
ယူကေနိုင်ငံ အခြေစိုက် Burma Campaign UK ၊ အမေရိကန်နိုင်ငံ အခြေစိုက် US Campaign for Burma စတဲ့ အဖွဲ့အစည်းတွေ ပါဝင်တဲ့ ဒီလူ့အခွင့်အရေးအဖွဲ့တွေရဲ့ ကြေညာချက်မှာ ၁၉၈၂ ခုနှစ် အာဏာရှင် ဗိုလ်ချုပ်နေဝင်း လက်ထက် ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားဥပဒေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ဖော်ပြချက်တွေနဲ့ ဆီလျော်ခြင်း မရှိတဲ့အကြောင်း ထောက်ပြပြောဆို ထားပါတယ်။
ဒီဥပဒေဟာ လူပေါင်းများစွာရဲ့ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကိုလည်း တရားဥပဒေမဲ့ ငြင်းဆိုထားတယ်လို့ဆိုပါတယ်။ Burma Campaign UK အဖွဲ့ကြီး ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က- "ဒါကြောင့် မိမိတို့ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ရုပ်သိမ်းပြီး လူ့အခွင့်အရေး မူဝါဒတွေနဲ့ လျော်ညီတဲ့ ဥပဒေသစ်တရပ် ပြဋ္ဌာန်းဖို့တောင်းဆိုနေတာပါ"လို့ ပြောဆိုသွားပါတယ်။
ဒီကြေညာချက်မှာ ဥပဒေသစ်မှာ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ညီလာခံ သဘောတူညီချက် အပိုဒ် သုံးမှာ ဖော်ပြပါရှိတဲ့အတိုင်း မွေးမွေးချင်း နိုင်ငံသားတခုခု ဖြစ်ပိုင်ခွင့်နဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၅ ပါ လူတိုင်းဟာ နိုင်ငံသားဖြစ်ပိုင်ခွင့် ရှိရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ လျော်ညီစေဖို့လည်း လူ့အခွင့်အရေး အဖွဲ့အစည်း ၃၁ ဖွဲ့ရဲ့ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်တယ်ဆိုရင် ပြဿနာတွေကို အကြမ်းမဖက်ဘဲ နိုင်ငံရေးအရ ဖြေရှင်းဖို့၊ အကြမ်းဖက်တာဟာ အာဏာရှင်တွေရဲ့လုပ်ရပ်သာ ဖြစ်ကြောင်း Burma Campaign UK အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က RFA ကို ပြောဆိုပါတယ်။