အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် လူကုန်ကူးမှုတွေ ကမ္ဘာအနှံ့ ဖြစ်ပွားနေ

RFA Burmese
2023.12.08
အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် လူကုန်ကူးမှုတွေ ကမ္ဘာအနှံ့ ဖြစ်ပွားနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ကယ်တင်ထားသည့် မလေးရှားနိုင်ငံသား ၁၂၁ ဦး မလေးရှားနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ပြန်လည်ရောက်ရှိလာစဉ်။
Reuters

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအတွက် လူကုန်ကူးတဲ့ ရာဇဝတ်မှုတွေဟာ အရှေ့တောင်အာရှဒေသအပြင် လက်တင်အမေရိကန်နိုင်ငံတွေအထိပါ ကမ္ဘာအနှံ့ ပျံ့နှံ့နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) က ဒီနေ့ ပြောလိုက်ပါတယ်။

အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ဖြစ်ရပ်အများစုဟာ အရှေ့တောင်အာရှမှာပဲ ရှိနေဆဲ ဖြစ်ပေမယ့် အဲဒီလုပ်ငန်းတွေဟာ လက်တင်အမေရိက ဒေသအထိ ကမ္ဘာအနှံ့ကို ပျံ့နှံ့နေတယ်လို့ အင်တာပိုလ် လက်ထောက် ဒါရိုက်တာ ရိုစ်မေရီ နာလူဘယ်ဂါက ပြောခဲ့ပါတယ်။

အင်တာပိုလ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက နိုင်ငံပေါင်း ၂၀ ကျော်က ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး လူကုန်ကူးမှုတွေအဖြစ်များတဲ့ နေရာတွေကို စုံစမ်းစစ်ဆေးခဲ့ရာမှာ၊ အွန်လိုင်းကနေ လိမ်လည်တဲ့အလုပ်တွေ လုပ်ခိုင်းဖို့ လူကုန်ကူးတဲ့ နေရာတွေ ပိုမိုများပြားကျယ်ပြန့်လာတာ တွေ့ရတယ်လို့ ပြောပါတယ်။

အင်တာပိုလ်ရဲ့ လေ့လာတွေ့ရှိချက်တွေအရ မလေးရှားနိုင်ငံသားတွေကို လစာကောင်းတဲ့ အလုပ်အကိုင်တွေ ရမယ်ဆိုပြီး တောင်အမေရိကတိုက်က ပီရူးနိုင်ငံအထိ ခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်တွေရှိနေကြောင်း၊ အာဖရိကတိုက် ယူဂန်ဒါ နိုင်ငံသားတွေကို ဒူဘိုင်းကနေတစ်ဆင့် ထိုင်းနဲ့ မြန်မာနိုင်ငံတွေအထိ ခေါ်ဆောင်လာတာလည်း ရှိခဲ့ကြောင်း၊ သူတို့ကို လက်နက်ကိုင် အစောင့်အကြပ်တွေရှိတဲ့ နေရာမှာ ချုပ်နှောင်ထားပြီး အွန်လိုင်းကနေ ငွေလိမ်ရတဲ့ အလုပ်တွေကို သင်ကြားပေးပြီး ခိုင်းစေခဲ့ကြောင်း အင်တာပိုလ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေနဲ့ အခြားအရှေ့တောင်အာရှ ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပေါ်ထွက်လာခဲ့ပြီး၊ ဒီလုပ်ငန်းတွေဟာ နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ ချီပြီး ဝင်ငွေရှိနေကြောင်း၊ အရှေ့တောင်အာရှမှာ လူကုန်ကူးခံရပြီး ဒီလုပ်ငန်းတွေမှာလုပ်ဖို့ အတင်းအကျပ် စေခိုင်းခံနေရတဲ့သူ သိန်းဂဏန်းအထိ ရှိနိုင်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။