လူကုန်ကူးမှု ပြဿနာ ထိုင်းမှာ ဆွေးနွေး
2014.11.20

ထိုင်းငါးဖမ်းလှေတွေပေါ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လူကုန်ကူးခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူကုန်ကူးခံရသူတွေအတွက် ကူညီဆောင်ရွက် ပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အပါအဝင် ထိုင်းအစိုးရ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလမြို့မှာ ဆွေးနွေးပွဲတစ်ခု ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲတက်ရောက်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က လူကုန်ကူးခံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောဆိုပါတယ်။
"အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်ကစပြီး ထိုင်းနိုင်ငံက လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ နာမည်ပျက်စာရင်းထဲမှာ ၃ ကနေ ၂ ထိ ဆိုးရွားတဲ့ အခြေအနေမျိုးကို ဖြစ်သွားတဲ့အချိန်မှာ ထိုင်းနိုင်ငံထဲမှာ အဓိကအားဖြင့်တော့ ငါးဖမ်းလုပ်ငန်းတွေမှာ လူကုန်ကူးခံရတဲ့ အလုပ်သမားတွေ အရမ်းများနေတာတွေ့ရတယ်၊ ဒါကြောင့်မို့လို့ အဲ့ကိစ္စတွေကို ဘယ်လိုမျိုး ထိုင်းအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ဒီမှာလုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လူကုန်ကူးမှုတွေ ပပျောက်အောင် လျော့နဲအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစည်းအဝေးကိုလုပ်တာပါ"
ဒီဆွေးနွေးပွဲမှာ မြန်မာရွှေပြောင်းအလုပ်သမားတွေ လူကုန်ကူးခံခဲ့ရတဲ့အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ပြီး ထိုင်းနဲ့ မြန်မာအစိုးရတွေအပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်သင့်တဲ့ အခြေအနေတွေအပြင်၊ သီးခြားတာဝန်ယူသင့်တာတွေကို အပိုင်းလိုက်ခွဲပြီး ဆွေးနွေးတင်ပြခဲ့တယ်လို့လည်း သိရပါတယ်။
အစိုးရတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ လူကုန်ကူးမှုပပျောက်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ပြီး၊ လူကုန်ကူးမှုအကြောင်း အသိပညာပေးတာတွေ ဆောင်ရွက်သင့်သလို၊ လူကုန်ကူးသူတွေကိုလည်း ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်သင့်ကြောင်း ဆွေးနွေးခဲ့တယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။
"ဒီနှစ်ထဲမှာ ထွက်ခဲ့တဲ့ report အရဆိုရင် ကျွန်တော်တို့ သွားကူခဲ့တဲ့ လူကုန်ကူးခံရတဲ့ လူပေါင်းက ၅၀၀ ကျော်တယ်၊ အဓိကကတော့ ငါးဖမ်းလှေပေါ်မှာ နောက်တစ်ခုက မတရားသဖြင့် ရောင်းစားခံရတာအပြင် မတရားသဖြင့် သတ်ဖြတ်ခံရတာတွေလဲရှိတယ်၊ နောက်တစ်ခုက စက်ရုံတွေမှာ လူကုန်ကူးခံရပြီးတော့ တကယ့်ကျေးကျွန်တွေလို ခိုင်းခံနေရတဲ့ လူတွေရှိတယ်၊ ဒါကြောင့် အဲ့ကိစ္စတွေကို တတ်နိုင်သလောက်လျော့နဲအောင် ပပျောက်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီနေ့ ဆွေးနွေးတာပါ"
ဒီဆွေးနွေးပွဲကို လူကုန်ကူးမှုအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့ကျော်က တာဝန်ရှိသူ ၄၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအတွင်း နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေး နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ထိုင်းနဲ့ မြန်မာ ပညာရေးဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ပညာရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့အဖွဲ့စည်းတွေက ကိုယ်စားလှယ် ၉၀ ဝန်းကျင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။