ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနဲ့ ဂျပန် အထူးကိုယ်စားလှယ်တို့ မြန်မာနိုင်ငံလာမည်

RFA Burmese
2023.10.12
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနဲ့ ဂျပန် အထူးကိုယ်စားလှယ်တို့ မြန်မာနိုင်ငံလာမည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (ဝဲ) နှင့် ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ (ယာ) တို့ တွေ့ဆုံနေသည်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့က တွေ့ရစဉ်။
Samdech Hun Sen of Cambodia Facebook

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါတို့ နှစ်ဦး မြန်မာနိုင်ငံကို မကြာခင်အတူသွားရောက်ဖို့ သဘောတူခဲ့တယ်လို့ ကမ္ဘောဒီးယားသတင်းဌာန The Cambodianess က အောက်တိုဘာ ၁၁ ရက် မနေ့က သတင်းရေးသားဖော်ပြပါတယ်။

မစ္စတာဟွန်ဆန်နဲ့ မစ္စတာ ဆာဆာကာဝါတို့ ဖနွမ်းပင်မြို့က ကမ္ဘောဒီးယားပြည်သူ့ပါတီ ဌာနချုပ်မှာ အောက်တိုဘာ ၁၁ ရက် မနက်က တွေ့ဆုံချိန်ပြီး အခုလို သဘောတူညီခဲ့ တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံကိုသွားရောက်မယ့် အချိန်နေ့ရက်အတိအကျကိုတော့ The Cambodianess က ဖော်ပြထားတာ မရှိပါဘူး။

မစ္စတာဟွန်ဆန်ဟာ မြန်မာနိုင်ငံကို ၂၀၂၂ ခုနှစ် ဇန်နဝါလထဲမှာ တစ်ကြိမ်လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတုန်းကတော့ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းနိုင်ဖို့ အနည်းဆုံး နောက်ထပ်ငါးနှစ် ကြာမြင့်နိုင်တယ်လို့ ဟွန်ဆန်က ပြောကြားထားပါတယ်။

ဂျပန်အစိုးရ အထူးကိုယ်စားလှယ် တာဝန်အပြင် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မစ္စတာ ဆာဆာကာဝါကတော့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြားက တိုက်ပွဲတွေရပ်စဲဖို့အတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။