မြေမြုပ်မိုင်း ထိခိုက်မှု တတိယအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်
2012.11.13
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ မြေမြုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်သော လက်နက်များစောင့်ကြည့်လေ့လာရေး သုတေသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် (Yeshua Moser-Puangsuwan ) က ပြောဆိုရာမှာ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း နိုင်ငံတကာ အစည်းအဝေးတစ်ခုမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြေမြုပ်မိုင်းတားဆီး ပိတ်ပင်ရေး သဘောတူစာချုပ်ကို လက်ခံ အတည်ပြုနိုင်ဖို့ စဉ်းစားနေတဲ့အပြင်၊ မြေမြုပ်မိုင်း အသုံးမပြုဖို့ ဆုံးဖြတ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး သဘောတူ စာချုပ်တွေ ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း ပြောဆိုခဲ့တာကို ကြည့်ရင် တိုးတက်မူတစ်ခု အဖြစ် ရှုမြင်နိုင်တယ်လို့ ပြောဆိုခဲ့တာပါ။ ဒီနှစ်အတွင်း မြေမြုပ်မိုင်းအသစ်တွေ ထောင်တဲ့ သတင်းမရရှိတာဟာလည်း တိုးတက်ဖြစ်ထွန်းမှု အသစ်ပါပဲလို့လည်းပြောပါတယ်။
ဒါပေမဲ့ ၂၀၁၀ ခုနှစ်က မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၃၆ ယောက်၊ ဒဏ်ရာရသူ ၂၃၈ ယောက် ရှိခဲ့ရာက ၂၀၁၁ ခုနှစ်မှာသေဆုံးသူ ၈၄ ယောက် ဒဏ်ရာရသူ ၂၉၃ ယောက်ရှိခဲ့လို့ ပြီးခဲ့တဲ့နှစ်အတွင်း မြေမြုပ်မိုင်းကြာင့်သေဆုံး ထိခိုက်ရသူ အရေအတွက် ရုတ်တရက် ထိုးတက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီနှစ် အောက်တိုဘာလ ၁ ရက်နေ့ အထိ ကမ္ဘာ့နိုင်ငံ ၈၀ ရာခိုင်နှုန်းက လူသတ်မိုင်းဗုံး အသုံးပြုမူ တားမြစ်ပိတ်ပင်ရေးနဲ့ အသုံးမပြုရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပေမယ့် မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ရေးထိုးထားနိုင်ခြင်းမရှိသေးတဲ့အပြင် ဒီဘက်နှစ်အတွင်းမှာ တွေ့မြင်နေရတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အပေါ်မူတည်ပြီး ကြည့်မယ်ဆိုရင် နောက်ပိုင်းမှာ ပြည်တွင်းမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးမှာ မြေမြုပ်မိုင်း အသုံးပြုမူ ဆိုးကျိုးတွေကို ကောင်းစွာ သဘောပေါက်လာမယ်လို့ ယုံကြည်ကြောင်းကို မိုဆာ-ပွမ်စူဝမ် က ဆက်လက် ပြောပါတယ် ။
ပြီးခဲ့တဲ့ ခြောက်နှစ်တာကာလအတွင်း မြေမြုပ်မိုင်းဗုံးတွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ သေကြေဒဏ်ရာရသူ စုစုပေါင်းလူဦးရေ (၃၀၀၀)ကျော် ရှိခဲ့ပြီး နိုင်ငံတကာနဲ့ နှိုင်းယှဉ်လိုက်ရင် မြန်မာနိုင်ငံဟာ ထိခိုက်ဆုံးရှုံးမှု တတိယအများဆုံး နိုင်ငံတစ်ခု ဖြစ်တယ်လို့ နိုင်ငံတကာမြေမြုပ်မိုင်း စောင့်ကြည့်လေ့လာရေး အဖွဲ့က ဆိုပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |