မြန်မာအပေါ် ကြားဖြတ်အရေးယူမှုအမိန့် ချမှတ်သင့်ကြောင်း ဂမ်ဘီယာလျှောက်လဲ


2019.12.12
gambia-lawyers-622.jpg ဂမ်ဘီယာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်သည့် ပါမောက္ခဖိလစ်ဆန်း၊ ရှေ့နေပေါရိုက်ခလာနှင့် ဂမ်ဘီယာ တရားရေးဝန်ကြီး ရှေနေ့ချုပ် အဘူဘေကာတမ်ဘာဒို (ဝဲမှယာ) တို့ကို ၂ဝ၁၉ ဒီဇင်ဘာလ ၁ဝ ရက်နေ့က IJC အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တွေ့ရစဉ်။
AFP

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် ကြားဖြတ်အရေးယူမှုတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သဟိတ်မြို့က ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဒီနေ့ တတိယနေ့အဖြစ် ကြားနာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း၊ နောက်ထပ်လည်း ကျုးလွန်လာဖွယ်ရှိတဲ့ သက်သေအထောက်အထားတွေ ရှိနေတဲ့အတွက် တရားရုံးအနေနဲ့ ကြားဖြတ်အရေးယူမှု အမိန့်ကို ချမှတ်ပေးသင့်ကြောင်း ဂမ်ဘီယာဘက်က လိုက်ပါဆောင်ရွက်တဲ့ Folay Haug ရှေ့နေအဖွဲ့က ခေါင်းဆောင် ပေါရိုက်ခလာ (Paul Reicher) က ပထမဆုံး လျှောက်လဲခဲ့ပါတယ်။

ဒီလိုလျှောက်လဲရာမှာ... မနေ့က မြန်မာနိုင်ငံဘက်က လျှောက်လဲချက်ထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်တဲ့ ရည်ရွယ်ချက်ဆိုင်ရာ ချေပချက် (၂) ချက် ရှိကြောင်း၊ ပထမတစ်ချက်က... ရိုဟင်ဂျာတွေအပေါ်ဆက်ဆံရာမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်လိုတဲ့ရည်ရွယ်ချက် မရှိတဲ့အကြောင်း၊ ဒုတိယတချက်က... ရိုဟင်ဂျာတွေအပေါ် ဆက်ဆံရာမှာ လုပ်ရပ်အရ လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်လိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ပုံစံ ပေါက်နိုင်ပေမယ့် ဒီအချက်တစ်ခုတည်းနဲ့ စွဲချက်တင်နိုင်လောက်တဲ့ အခြေအနေမဟုတ်ဘူး... ဆိုတဲ့အချက်ဖြစ်ကြောင်း ရှေ့နေ ပေါရိုက်ခလာက ပြောပါတယ်။

“ရိုဟင်ဂျာတွေအပေါ်ဆက်ဆံရာမှာ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မရှိဘူး” ဆိုတဲ့ ပထမအချက်ကို ရှေ့နေရိုက်ခလာက တုံ့ပြန်ပြီး ဒုတိယအချက်ကို ပါမောက္ခဖိလစ်ဆန်း (Philippe Sands) က တုံ့ပြန်ပါတယ်။

မြန်မာဘက်က မငြင်းဆိုတဲ့ အချက်ထဲမှာ... ကုလသမဂ္ဂ လွတ်လပ်တဲ့အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ (Fact-Finding Mission) က ကောက်ချက်ချထားတဲ့ အချက်ဖြစ်တဲ့ ‘မြန်မာအစိုးရက ရိုဟင်ဂျာတွေအပေါ် ဆက်ဆံပြုမူပုံဟာ ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ဆန္ဒရှိနေတယ်’ ဆိုတဲ့အချက်ကလွဲပြီး တခြားကောက်ချက်ဆွဲလို့မရပါဘူး ဆိုတဲ့အချက်ကို မြန်မာဘက်က ငြင်းဆိုခြင်းမရှိဘူး... လို့ မစ္စတာ ရိုက်ခလာက ပြောပါတယ်။

... ဒီလိုရည်ရွယ်ချက်ရှိတယ် ဆိုတာကို အသေးစိတ်ညွှန်ပြနေတဲ့ အချက်ခုနှစ်ချက် ရှိတာကိုလည်း မြန်မာဘက်က ငြင်းဆိုခြင်းမရှိပါဘူး... လို့ပြောပါတယ်။

ဒ့ါအပြင် FFM က ထုတ်နုတ်ပြတဲ့ အခြေအနေတွေအပေါ် ချေပပြီး မေးခွန်းထုတ်တာလည်း မရှိဘူးလို့ ပြောပါတယ်။ သူ့အနေနဲ့ မနေ့က မြန်မာဘက်က မချေပခဲ့တဲ့၊ ချေပဖို့ပျက်ကွက်ခဲ့တဲ့ ဒီအချက်တွေကို တရားသူကြီးတွေ စဉ်းစားဆင်ခြင်နိုင်ဖို့ ပြန်တင်ပြပါတယ်လို့ ပြောပါတယ်။

ပထမဆုံး... ‘တပ်မတော်အနေနဲ့ ရိုဟင်ဂျာတွေကို တိုက်ခိုက်တဲ့အခါမှာ အစွန်းရောက် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့တယ်’ ဆိုတဲ့အချက်ကို မြန်မာဘက်က တချက်မှ မငြင်းဆိုခဲ့တဲ့အပြင် မြန်မာဘက်က ကိုယ်စားလှယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဝန်တောင်ဝန်ခံခဲ့ပါတယ်... လို့ ပေါရိုက်ခလာက ပြောပါတယ်။

တပ်မတော်သားတွေအနေနဲ့ အင်အားအလွန်အကျွံ မသုံးခဲ့ဘူးဆိုပြီး ယတိပြတ် ငြင်းလို့မရကြောင်း မနေ့က မြန်မာအဖွဲ့ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုခဲ့တာကို အထောက်အထားအဖြစ် ပြသခဲ့ပါတယ်။

ကျေးရွာပေါင်း ၃၉၂ ရွာကို စနစ်တကျ ဖျက်ဆီးခဲ့တာကိုလည်း မငြင်းဆိုခဲ့ဘူး

ဒုတိယအချက်အနေနဲ့... တပ်မတော်အနေနဲ့ စစ်ဆင်ရေးလုပ်ရာမှာ စနစ်တကျ စီစဉ်ချေမှုန်းတတ်တဲ့အချက် ဖြစ်ပါတယ်။ ဒီနေရာမှာ အကြီးတန်းတပ်မတော်အရာရှိ အဆင့်ဆင့် ပါဝင်တာဖြစ်ပြီး ကျေးရွာပေါင်း ၃၉၂ ရွာကို စနစ်တကျ ဖျက်ဆီးခဲ့တာကိုလည်း မငြင်းဆိုခဲ့ဘူးလို့ ပြောပါတယ်။

တတိယအချက်အဖြစ်... လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ မုဒိမ်းမှုကျုးလွန်ခဲ့တာတွေ ကြီးကြီးမားမားရှိခဲ့တဲ့ အခြေအနေတွေကိုလည်း ငြင်းဆိုတာ မရှိဘူးလို့...  ပြောပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာဘက်က ဥပဒေကျွမ်းကျင်သူတွေရဲ့ တင်ပြချက်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ ပတ်သက်လို့ တစ်လုံးတလေမှ ဖော်ပြခဲ့တာမရှိဘူး... လို့လည်း ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ငြင်းလို့မရတဲ့အချက်၊ ငြင်းဖို့မသင့်တဲ့အချက် ဖြစ်နေလို့ မငြင်းဆိုဘဲ တမင် ဥပေက္ခာ ပြုခဲ့တာဖြစ်တယ်... လို့လည်း သူက စွပ်စွဲပါတယ်။

စတုတ္ထအချက်က...  နယ်မြေရှင်းလင်းရေးမလုပ်ခင်၊ လုပ်နေဆဲနဲ့၊ လုပ်ပြီးကာလတွေမှာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေနဲ့ စော်ကားနှိမ့်ချ ပြောဆိုခဲ့တာတွေကို မြန်မာအစိုးရအရာရှိတွေနဲ့ တခြားသူတွေက ပြောခဲ့တဲ့ အချက်ပါလို့ ဆိုပါတယ်။

ဒီနေရာမှာ ထူးခြားတာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အပိတ်ခံခဲ့ရတဲ့ Facebook စာမျက်နှာမှာ... ၂ဝ၁၇ နယ်မြေရှင်းလင်းရေးကာလက တင်ခဲ့တဲ့စာသားကို သက်သေအဖြစ် ပြခဲ့ပါတယ်။ အဲဒီစာသားမှာ... ‘ဘင်္ဂါလီပြဿနာဟာ လက်ရှိအစိုးရအနေနဲ့ အထူးတလည် အရေးထားဖြေရှင်းနေတဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ကြေညာထားပြီးဖြစ်ကြောင်း’ ရေးသားဖော်ပြခဲ့တယ်... လို့ ထောက်ပြပါတယ်။

ပဉ္စအချက်ကတော့... မြန်မာအစိုးရမှာ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဖိနှိပ်တဲ့မူဝါဒတွေ၊ ဥပဒေတွေ ရှိနေတဲ့အချက် ဖြစ်ပြီး နိုင်ငံသားဥပဒေ၊ နိုင်ငံသားစိစစ်ရေးကတ် လုပ်ငန်းစဉ်နဲ့ တခြား လူမျိုးရေးဘာသာရေး ခွဲခြားတဲ့ မူဝါဒတွေ ရှိနေတဲ့အချက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဆဌမအချက်က... အများပြည်သူအကြားမှာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကား ပြောဆိုတာတွေကို အစိုးရက တားမြစ်ပိတ်ပင်တာမရှိဘဲ လက်ခံထားတဲ့အချက်... လို့ ဆိုပါတယ်။ သတ္တမအချက်ကတော့... အစိုးရအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာပြစ်မှု ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးအရေးယူဖို့ ပျက်ကွက်မှု ဖြစ်တယ်... လို့ဆိုပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိကြောင်း ညွှန်ပြနေတဲ့အချက် ခုနှစ်ချက်ထဲမှာ ဒီတစ်ချက်တည်းကိုပဲ မြန်မာဘက်က ချေပခဲ့တယ်... လို့ မစ္စတာရိုက်ခလာက ပြောပါတယ်။

ဒီအချက်ကိုရှင်းပြရာမှာ မြန်မာအစိုးရဘက်က နိုင်ငံတော်ရဲ့အစိတ်အပိုင်းဖြစ်တဲ့ တပ်မတော်က ပြစ်မှု ကျူးလွန်သူတွေကို  စုံစမ်းစစ်ဆေးအရေးယူနေတဲ့အကြောင်း မနေ့က ဒေါ်အောင်ဆန်းစုကြည် ရှင်းပြခဲ့တာကို အထောက်အထား ပြခဲ့ပါတယ်။

... ‘၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဟာ သီးသန့် တရားစီရင်ရေး စနစ်ရှိပြီး ရခိုင်ပြည်နယ်မှာ စစ်ရာဇတ်မှုကျုးလွန်ခဲ့တဲ့ တပ်သားတွေနဲ့အရာရှိတွေကို ဒီစနစ်အရ စုံစမ်းစစ်ဆေး အရေးယူနေကြောင်း၊ ဒါပေမယ့် ဒီလိုအရေးယူရာမှာ တပ်မတော်အကျိုးစီးပွားကို ကျော်လွန်ပြီး တာဝန်ခံမှု တာဝန်ယူမှုရှိရေး ဆောင်ရွက်စေရတာဟာ လွယ်ကူမှုမရှိကြောင်း’ ... မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့တင်ပြချက်ကို ကောက်နှုတ်ပြပြီး၊ တပ်မတော်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ရာဇဝတ်မှုကျုးလွန်သူအဖြစ် အစွပ်စွဲခံရပြီး ဒီလိုအခြေအနေမှာ တပ်မတော်ရဲ့တရားစီရင်ရေးဟာ တရားမျှတမှုနဲ့ ခိုင်မာမှုမရှိပုံကို ထောက်ပြပါတယ်။

ရိုက်တာသတင်းဌာနက ဖော်ထုတ်ခဲ့တဲ့ အင်းဒင်လူသတ်မှုမှာ ပြစ်မှုကျုးလွန်သူတွေကို အရေးယူရမယ့်အစား ဒီကိစ္စဖော်ထုတ်ခဲ့တဲ့ သတင်းထောက်တွေကို ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ နိုင်ငံတကာ ဖိအားကြောင့် ပြစ်မှုကျူးလွန်သူတွေကို အရေးယူခဲ့ပြီး လပိုင်းအတွင်းမှာပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပေမယ့်၊ သတင်းထောက်တွေကိုတော့ ထောင်ခုနှစ်နှစ် ချမှတ်ခဲ့ကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်က ဂူတာပြင်လူသတ်မှုကို စစ်ခုံရုံးဖွဲ့ စစ်ဆေးနေတာဟာလည်း ဂမ်ဘီယာက တရားစွဲအပြီး နှစ်ပတ်အကြာမှာ ပေါ်ပေါက်ခဲ့တာမို့ တိုက်ဆိုင်မှုလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်... လို့ ဆိုပါတယ်။

“ရိုဟင်ဂျာ” ဆိုတဲ့စကားလုံးကိုတောင် မသုံးခဲ့တာဟာ ရိုဟင်ဂျာတွေအပေါ် အသိမှတ်မပြုလိုဘဲ ဖိနှိပ်ခွဲခြားလိုစိတ်ရှိတာကို ဖော်ပြနေကြောင်း

ဒါ့အပြင် မြန်မာအစိုးရ ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာလည်း အပြစ်တင်တာ စွပ်စွဲတာတွေ မလုပ်ဘူးလို့ ကြေညာထားတဲ့အတွက် ဘာအတွက်ဖွဲ့တယ် ဆိုတာကို မေးခွန်းထုတ်ခဲ့သလို၊ ရိုဟင်ဂျာ ပြန်လည်ခေါ်ယူရေးမှာ အဓိကလိုအပ်ချက်တွေ ပြင်ဆင်ဆောင်ရွက်ပေးဖို့ အစိုးရအနေနဲ့ ဆန္ဒမရှိတာ၊ မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထွက်ဆိုချက်မှာ “ရိုဟင်ဂျာ” ဆိုတဲ့စကားလုံးကိုတောင် မသုံးခဲ့တာဟာ ရိုဟင်ဂျာတွေအပေါ် အသိမှတ်မပြုလိုဘဲ ဖိနှိပ်ခွဲခြားလိုစိတ်ရှိတာကို ဖော်ပြနေကြောင်း၊ ဂမ်ဘီယာရှေ့နေ  ပေါရိုက်ခလာက လျှောက်ထားခဲ့ပါတယ်။

ရှေ့နေပေါရိုက်ခလာအပြီးမှာ ဂမ်ဘီယာဘက်က ပါမောက္ခပီယာ ဒါဂျောန် (Pierre d’Argent)၊ ပါမောက္ခ ပါမောက္ခဖိလစ်ဆန်းနဲ့၊ ဂမ်ဘီယာတရားရေးဝန်ကြီး ရှေနေ့ချုပ် အဘူဘေကာ တမ်ဘာဒို (Abubacarr Tambadou) တို့က နောက်ထပ်စွဲချက်တွေကို တင်ပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။