ဖားကန့် ရေမဆေးကျောက် ရှာဖွေသူတွေကို အသိအမှတ်ပြုကတ်ပြား ထုတ်ပေးမည်


2018.11.10
pharkant-yaymasay-622.jpg ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီးက သာယာကုန်းကမ်းပါးမှာ ၂၀၁၃ ခုနှစ်အတွင်းက ကျောက်စိမ်း တူးဖော်နေမှုကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ရေမဆေးကျောက်ရှာဖွေသူတွေကို အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးသွားဖို့ စီစဉ်ထားတယ်လို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်က ပြောပါတယ်။

နောက်ပိုင်းမှာ အသိအမှတ်ပြုကတ်ပြား ရရှိထားသူတွေကို အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ပေးသွားမှာဖြစ်တဲ့အပြင် အလုပ်အကိုင်ရှာဖွေပေးတဲ့အထိ ဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် တရားဥပဒေစိုးမိုးရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကိုပါ ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်းလည်း ဒေါက်တာ သင်းလွင်က ပြောပါတယ်။

အစိုးရရဲ့ စာရင်းတွေအရ ဖားကန့်မြို့နယ်အတွင်းမှာ ရေမဆေးကျောက်လုပ်သား ၃ သိန်းဝန်းကျင်ရှိ အဲ့ထဲမှာ ရွှေ့ပြောင်းလုပ်သား ၂ သိန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ရေမဆေးကျောက်ရှာဖွေသူတွေကို အသိအမှတ်ပြုကတ်ပြားတွေ ထုပ်ပေးတာဟာ ပထမဆုံးဖြစ်ပြီး ကဒ်ပြားလုပ်ဖို့အတွက် ဘယ်လိုအထောက်အထားတွေ လိုအပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ရတနာမြေအတွင်း ရေမဆေးကျောက် ရှာဖွေသူတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တိုင်းဒေသကြီးအစိုးရက အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးခဲ့ပါတယ်။

အဲ့ဒီမှာတော့ ကတ်သက်တမ်းကို တစ်နှစ်သက်မှတ်ထားပြီး လျှောက်ထားသူတွေဟာ မှတ်ပုံတင်၊ ရဲစခန်း ထောက်ခံချက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေရဲ့ ထောက်ခံချက်နဲ့ အိမ်ထောင်စုစာရင်းတွေနဲ့အတူ သွားရောက်လျှောက်ထားရတာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။