ဖားကန့်ရုန်းရင်းဆန်ခတ်မှု သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေ
2017.10.20
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုက တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက်မှာ အောက်တိုဘာ ၁၈ ရက်နေ့ ညက ရေမဆေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပြီး ရေမဆေး သမား ၅ ဦး သေဆုံးခဲ့တဲ့ အခြေအနေတွေကို သေမှုသေခင်းဖွင့်ပြီး စုံစမ်းနေတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ က ပြောပါတယ်။
အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ လုံခင်းရဲစခန်းမှာ သေမှုသေခင်းဖွင့်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ် လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် က ဒီကနေ့ ပြောပါတယ်။
"ကျနော်တို့ သေမှုသေခင်း ဒါကိုဖွင့်လှစ်ပြီးတော့မှ စစ်ဆေးဆောင်ရွက်နေပါတယ်၊ ပစ်ခတ်မှုဖြစ်တဲ့ ဖြစ်စဉ်တွေ ကိုကြည့်ရင်တော့ ကျနော်တို့တပ်ဖွဲ့ဝင်တွေက သေနတ်ကိုအလွယ်တကူ ပစ်ခတ်တယ်ဆိုတဲ့ဟာကတော့ မဟုတ်ပါဘူး၊ လက်ရှိရင်ဆိုင်ရတဲ့ အခြေအနေတွေ အနေအထားအရ ဒါမလွှဲသာမရှောင်သာတဲ့ အခြေအနေကျမှ ခြောက်လှန့်ပစ်ခတ်မယ့်ဖြစ်စဉ်မျိုး ဖြစ်ပါတယ်၊ ဖားကန့်ဒေသမှာဖြစ်နေတဲ့ ရေမဆေးကိစ္စတွေနဲ့ ပတ်သက်လို့ ရှိရင်တော့ သတ်မှတ်အချိန်မဟုတ်ဘဲနဲ့ အတင်းဝင်ရောက်ရှာဖွေတာတို့၊ အားသုံးပြီးတော့မှ ဖြစ်တဲ့ဖြစ် စဉ်တွေပေါ်မှာပဲ အခြေခံပြီးတော့မှ ဒီလိုမျိုးဖြစ်စဉ်လေးတွေ ဖြစ်တာဖြစ်တဲ့အတွက် ရေမဆေးတွေဖက်ကလည်း စည်းကမ်းလေးနဲ့အညီပေါ့ ဆောင်ရွက်တယ်ဆိုရင်ပေါ့ ဒီလိုမျိုးပြဿနာမျိုးက လျော့ပါးသွားနိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ထင်ပါတယ်"
အောက်တိုဘာလ ၁၈ ရက်နေ့ ညက ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုမှာ ရေမဆေးသမား အယောက် ၂၀ နဲ့ ရဲတပ်တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရတဲ့ ရေမဆေးသမားတွေထဲက ၁၁ ယောက်ဟာ လုံးခင်းဆေးရုံကနေ မြစ်ကြီးနားဆေးရုံမှာ တက်ရောက် ကုသနေရတာပါ။
ဖားကန့်ဒေသမှာ ကုမ္ပဏီလုပ်ငန်းရှင်၊ ရေမဆေးသမားနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား အဲဒီလိုအဖြစ်အပျက်တွေဟာ မကြာခဏဖြစ်လေ့ရှိပြီး နယ်မြေမတည်ငြိမ်မှုနဲ့အတူ စီးပွားရေး၊ လူမှုရေး စတဲ့ အကြောင်းအရာပေါင်းစုံ ပါဝင်နေတာကြောင့် ရှုပ်ထွေးပြီး ဖြေရှင်းရခက်တဲ့ အခြေအနေတစ်ခုလို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေမှာ တနိုင်တပိုင် ရေမဆေးကျောက်ရှာသူတွေ ထိခိုက်သေဆုံးမှုတွေနဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာအနာတရတွေ ရရှိနေတာပါ။
အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ဖားကန့်ကျောက်စိမ်းတွင်းဒေသက်ကို ဒေသအသီးသီးက ရေမဆေးသမားတွေ အပါအဝင် တနိုင်ငံလုံးက လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား ခန့်မှန်း နှစ်သိန်းဝန်းကျင်ရှိပါတယ်။