ကမ်းလှမ်းလာရင် အစိုးရသစ်နဲ့ လက်တွဲသွားမယ်လို့ သူရဦးအောင်ကို ပြော


2016.01.29
thura-aungko-620.jpg သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို တွေ့ရစဉ်
Photo: RFA

လာမယ့် ဒုတိယလွှတ်တော်သက်တမ်းအတွက် ရွေးကောက်တင်မြှောက်မခံရတော့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို က နိုင်ငံရေးမှာ တစ်သီးပုဂ္ဂလအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လာမယ့် အစိုးရအဖွဲ့ထဲမှာ တာဝန်ယူပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ကမ်းလှမ်းလာရင် လက်တွဲသွားမယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။

အန်အယ်လ်ဒီဘက်က အစိုးရအဖွဲ့နေရာအတွက် ကမ်းလှမ်းပြောဆိုထားတာ ရှိလားလို့ သတင်းထောက်တွေ က မေးမြန်းရာမှာ သူရဦးအောင်ကိုက ပြောတာဖြစ်ပါတယ်။

"ဒေါ်စုက တရားဝင် ဘာတာဝန် ပြောတာမရှိသေးပါဘူး၊ သို့သော်လည်း နိုင်ငံအတွက်၊ လူမျိုးအတွက် လိုအပ်ရင် ဝိုင်းကူပေးပါ ဆိုစကားကိုတော့ မကြာခဏပြောတာရှိပါတယ်၊ လက်ခံမှာပါ၊ ဗဟိုအလုပ်အမှုဆောင်လည်း မဟုတ်တော့ပါဘူး၊ အလုပ်အမှုဆောင်မှာ ပါတယ် မပါဘူးလည်း မရှိတော့ပါဘူး၊ မသေချာတော့ပါဘူး တစ်သီးပုဂ္ဂလအနေနဲ့ နိုင်ငံတေ်ာတာဝန်ကို လက်ကမ်းတဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲရှိပါတယ်"

သူရဦးအောင်ကိုဟာ အရင်က ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ ပါဝင်သူတစ်ဦးဖြစ်ပြီး သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ရင်းနှီးသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပူးတွဲဥက္ကဌ သူရဦးရွှေမန်းနဲ့အတူ ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ ရာထူးကနေ ဖယ်ရှားခံရရာမှာ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာ လွှတ်တော်သက်တမ်းအတွင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အစိုးရရဲ့ဘတ်ဂျက်သုံးစွဲမှုတွေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ထောက်ပြခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။