၄၈ ကြိမ်မြောက် ကုလလူ့အခွင့်အရေးညီလာခံက မြန်မာ့အရေးဆွေးနွေးပွဲ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021.09.13
၄၈ ကြိမ်မြောက် ကုလလူ့အခွင့်အရေးညီလာခံက မြန်မာ့အရေးဆွေးနွေးပွဲ စက်တင်ဘာလ ၁၃ရက်နေ့က ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ တက်ရောက်ခဲ့တဲ့ IIMM ရဲ့အကြီးအကဲ နီကိုလပ်ကုမ်ဂျန်။
Photo: UN WebTV

စက်တင်ဘာလ ၁၃ရက်နေ့ မနေ့ကစတင်ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ တက်ရောက် လာတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် အားလုံးနီးပါးဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်ကြောင်း ပြောသွားကြပြီး၊ လူ့အခွင့်ရေးကောင်စီကနေ ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ အားပေး ထောက်ခံကြောင်း ပြောသွားတာ တွေ့ရပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး IIMM ရဲ့အကြီးအကဲ နီကိုလပ်ကုမ်ဂျန်က မြန်မာနိုင်ငံမှာ ဆိုးဝါးပြင်းထန်တဲ့ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ ကျူးလွန်သူတွေကို အရေးယူနိုင်ခြင်းမရှိတဲ့ သမိုင်းကြောင်း ကြောင့် လက်ရှိအချိန်မှာ မြန်မာပြည်သူတွေရဲ့ဘဝတွေကို ရိုက်ခတ်နေတယ်လို့ ပြောသွားပါတယ်။

“၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တဲ့တာ လေးနှစ် ကြာခဲ့ပြီ ဖြစ်ပေမယ့်၊ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယာယီဒုက္ခသည်စခန်းတွေမှာ ဆက်ပြီးနေထိုင်ကြရဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝတွေဟာ ရပ်ဆိုင်းနေသလိုပဲ၊ မီးရှို့ဖျက်ဆီးပြီး၊ ဘူဒိုဇာနဲ့ထိုးချ ဖြိုလှဲခံလိုက်ရတာ အများစုဖြစ်တဲ့ သူတို့ရဲ့ နေအိမ်တွေရှိရာကို ပြန်ခွင့်ရဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ အခုနှစ် ဖေဖော်ဝါရီက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းလိုက်ပြီးကတည်းက ကျွန်တော်တို့ IIMM အဖွဲ့ဟာ စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အင်အားသုံး ဖြိုခွင်းမှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အစဖျောက်မှုတွေ ကျူးလွန်ခဲ့ကြောင်း တိုင်ကြားမှုတွေ လက်ခံရရှိခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံအနှံ့ဒေသတွေမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြပြီး၊ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ထိခိုက်ပျက်စီးနေသလိုပဲ အိမ်နီးချင်းနိုင်ငံတွေ အပေါ်မှာလည်း ဝန်ထုပ်ဝန်ပိုးဖြစ်နေစေပါတယ်”

ဒီနေ့ စက်တင်ဘာလ ၁၄ရက် မှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တက်ရောက်ခွင့်ရဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ နှစ်ဖက်လုံးက ကြိုးစားခဲ့ပေမယ်၊ Credential Committee က ဒီကိစ္စအတွက်ဆုံးဖြတ်ချက် မချမှတ် နိုင်သေးတဲ့အတွက် မနေ့က စတင်ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတက်ရောက်သူ မရှိတဲ့အကြောင်း NUG အစိုးရလူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

51abe650-2e20-4041-9d1e-d1bd764272fb.jpeg
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ မတ် ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ်။ (Photo: RFA)

မြန်မာနိုင်ငံမှာ တာဝန်ရှိသူတွေဟာ IIMM အဖွဲ့ကို ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ခွင့်နဲ့ မျက်မြင်သက်သေတွေနဲ့ တွေ့ဆုံမေးမြန်းခွင့်မပေးတဲ့အတွက် အရေးကြီးတဲ့ အထောက်အထားတွေ စုဆောင်း နိုင်ဖို့အတွက် တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေကို အသုံးပြုနေကြောင်းနဲ့ လိင်၊ ကျားမလိင်ကွဲပြားမှုနဲ့ ကလေးငယ်တွေနဲ့ဆိုင်တဲ့ ရာဇဝတ်မှုတွေဟာ သတင်းပို့တိုင်ကြားမှု နည်းပါးတဲ့အတွက် အထူးအားရုံစိုက် လေ့လာစုံစမ်းနေတယ်လို့လည်း မစ္စတာ နီကိုလပ် ကုမ်ဂျန်က ပြောသွားပါတယ်။

“ဒီနေရာမှာ တကယ်လိုအပ်နေတာကတော့ ကျူးလွန်သူတွေ အရေးယူခံရမှုကနေ ကင်းလွတ်နေပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ တစ်ကျော့ပြန်ဖြစ်နေတဲ့ သံသရာထဲကနေ ရုန်းထွက်ဖို့ပဲဖြစ်ပါတယ်။ အခုအချိန်မှာ IIMM အဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အဖြစ်အပျက်တွေနဲ့ဆိုင်တဲ့ အချက်အလက် ပေါင်း ၂သိန်း ၁သောင်း၉ထောင် ကျော်ကို စုဆောင်းထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကနဦး လေ့လာသုံးသပ်မှုတွေအရ ဒီရာဇဝတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း တွေ့ရပါတယ်။ ကျွန်တော်တို့ ရထားတဲ့ အထောက်အထားတွေအရ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး နဲ့ စစ်ကိုင်းဒေသတွေ အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ အရပ်သားပြည်သူ တစ်ထောင်လောက် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်ပါတယ်။ ဒီအထောက်အထားတွေအရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဒေသပေါင်းစုံမှာ တစ်ပုံစံတည်း တုံ့ပြန်လုပ်ဆောင်ခဲ့ကြပြီး၊ သတင်းသမားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလို လူတွေကို ပစ်မှတ်ထားခဲ့တာလည်း အတူတူပဲ ဖြစ်တာကို တွေ့ရပါတယ်။ အခုအချိန်အထိ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ဥပဒေအရ ရုံးတင် စစ်ဆေးမှုလည်း မရှိပါဘူး။ နိုင်ငံတကာ ဥပဒေအရဆိုရင် အရပ်သားပြည်သူတွေကို သတ်ဖြတ်တာနဲ့ အပြစ်မရှိပဲ ဖမ်းဆီးထိန်းသိမ်းထားတာလို ပြစ်မှုတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ပါတယ်။ ဒီလို ရာဇဝတ်မှုတွေဟာ ကျွန်တော်တို့အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းမှာ ရှိနေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အဖွဲ့ဟာ ရထားတဲ့ အထောက်အထားတွေကို စစ်ဆေးအတည်ပြုပြီး၊ ဒီအမှုတွေအတွက် တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ်ဖို့ ကြိုစားနေပါတယ်။”

3728ac31-da6b-4855-9724-1869ab925445.jpeg
ချင်းပြည်နယ် ဟားခါးမြို့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ (Photo: RFA)

ဒီလူ့အခွင့်အရေးကောင်စီရဲ့ ဆွေးနွေးတင်ပြချက်တွေဟာ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် အပေါ် သက်ရောက်မှု ရှိနိုင်မယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

Uauungmyomin.jpg

“ဒီနေ့ကတော့ လူ့အခွင့်အရေးကောင်စီနဲ့ အစည်းအဝေးစတင်တဲ့နေ့ပါ။ အရင် အစည်းအဝေးညီလာခံတွေမှာ ဆုံးဖြတ်ခဲ့သလိုပဲ မြန်မာနိုင်ငံကနေ ကိုယ်စားပြု တက်မယ့်၊ ကိုယ်စားလှယ်အဖွဲ့နဲ့ ကုလအထူးကိုယ်စားလှယ်က နှစ်ယောက် ဖြစ်နေတယ်။ ဘယ်သူ့ကို မြန်မာနိုင်ငံကိုယ်စားပြုမှုကို လက်ခံမလဲဆိုတာ အတွက်တော့ ကုလသမဂ္ဂအထွေထွေညီလာခံကို ပြန်လွှဲထားပါတယ်။ အထွေထွေညီလာခံက လုပ်ဆောင်မယ့် ကိုယ်စားလှယ် ရွေးခြယ်မှုက အခုထိ မပြီးသေးဘူး။ ဒါကြောင့် အခု စောပြီးတော့ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဘယ်သူ့ကိုမှ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မပေးတဲ့ ဆုံးဖြတ်ချက်ကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်”

NUG အစိုးရအနေနဲ့လည်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသတွေမှာ လက်ရှိ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူ့အခွင့်အရေးကောင်စီညီလာခံမှာ အထူးအစီရင်ခံစာ တင်သွင်းပြသွားဖို့ ရှိတယ် လို့လည်း ဦးအောင်မျိုးမင်းကပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Dr. san Dar Myaing
2021-09-14 05:26

လူအခွင့်အရေးကောင်စီမှမြန်မာ့အရေးတရားသဖြင်စီရင်ပေးပါ