တရားမဝင် တရုတ်ဆေးခန်းကိုပိတ်
2018.07.26

တရားမဝင် ဆေးခန်းဖွင့်လှစ်ခဲ့တဲ့ တရုတ်နိုင်ငံသား နှစ်ဦး လွတ်မြောက်နေတဲ့အတွက် သင်္ဘောဆိပ်၊ လေဆိပ်တွေ ကနေ ထွက်မသွားနိုင်အောင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကို အကူအညီ တောင်းခံထားတယ်လို့ ရန်ကုန်တိုင်းဒေ သကြီး ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူးက ပြောပါတယ်။
ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Friendly တရုတ်ဆေးခန်းကို ၂ဝ၁၈ ခုနှစ်ဇူလိုင်လ ၂၇ ရက်နေ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က အခုလို ပြောပါတယ်။
"ဝန်ထမ်းအမျိုးသမီးပြောတာကတော့ အဲဒီထဲက တစ်ယောက်ကတော့ Business ဗီဇာနဲ့ လာပြီးတော့မှ သူတို့ ရုံးမှာ တိုင်ကြားထားတယ်၊ အဲဒီလူနာတွေက ဓာတ်ပုံတွေပြတဲ့အခါ ဒီလူတွေက ဒီဆေးခန်းမှာ ဆေးကုတဲ့ လူတွေပါပဲဆိုတာကို ကျနော်တို့ ပြောနိုင်တယ်၊ အဲဒီပြောနိုင်တဲ့အတွက် အခုနက ကျနော်တို့လည်း တင်ပြခဲ့ပြီးပြီ၊ Port တွေကနေ ထွက်မသွားအောင်လို့ကို လဝကကိုလည်းပဲ ကျနော်တို့ မနေ့ကတည်းက မေတ္တာရပ်ခံထားတယ် လေဆိပ်၊ ရေဆိပ်တွေပေါ့နော် အဲဒီဟာတွေကနေ ထွက်မသွားနိုင်အောင် ဆက်လက်ပြီး ဆောင်ရွက်ပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံထားတယ်"
အဲဒီတရုတ်ဆေးခန်းမှာ လာရောက်ဆေးကုသကြခဲ့တဲ့ လူနာတွေဟာ ရောဂါမပျောက်တဲ့အပြင် ငွေကုန်ကြေးကျ များလွန်းကြောင်းနဲ့ လူနာတစ်ဦးဆိုရင် မြန်မာငွေ ကျပ် ၁ဝ သိန်းလောက်နဲ့ နောက်တစ်ဦးကတော့ ငွေကျပ် ၁၄ သိန်းနီးပါး ကုန်သွားတယ်လို့ သိရကြောင်း ပြောပါတယ်။
တရားမဝင်ဆေးခန်းတွေဟာ လူမှုကွန်ယက် Facebook စာမျက်နှာတွေမှာ အလွန်အကျူး ကြော်ငြာနေတာတွေ၊ ကျန်းမာရေးဦးစီးဌာနက ချမှတ်ထားတဲ့ ပုဂ္ဂလိက ဆေးခန်းတစ်ခုရဲ့ စည်းကမ်းချက်တွေနဲ့ မညီညွတ်တဲ့အတွက် ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။
အဲဒီ Friendly ဆေးခန်းကို ဝင်ရောက်စစ်ဆေးချိန်မှာ တရားမဝင် လာရောက်ဆေးကုသပေးနေတဲ့ တရုတ် နိုင်ငံသား ၂ ဦးနဲ့ တရားမဝင် တရုတ်ဆေးဝါးတွေကို တွေ့ရှိရတဲ့အတွက် လက်ရှိမှာ အမျိုးသား ဆေးဝါးဥပဒေနဲ့ အရေးယူ ထားပြီး တခြားဌာနဆိုင်ရာတွေကလည်း တရားစွဲဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။
တရားမဝင်ဖွင့်လှစ်ထားတဲ့ တရုတ်ဆေးခန်းတွေကို ကျန်းမာရေး ဦးစီးဌာနက ဝင်ရောက်စစ်ဆေး အရေးယူသွား မှာဖြစ်ပြီး အဲဒီလို တရားမဝင်ဆေးခန်းဖွင့်လှစ်တဲ့အတွက် လမ်းမတော်မြို့က နေဝန်းဆေးခန်းနဲ့ လှိုင်မြို့နယ်က ရောင်နီဦးဆေးခန်းတို့ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း အထူးကုဆေးရုံ ၁၃ ခု၊ အထွေထွေရောဂါကု ဆေးရုံ ၄၁ ခု၊ အထူးကုဆေးခန်း ၂၃ဝ နဲ့ အထွေထွေဆေးခန်းနဲ့ ကိုယ်ပိုင်ဆေးခန်း ၂၆ဝဝ ကျော်ကို တရားဝင်ခွင့်ပြုပေးထားပြီး ကျန်ဆေးခန်းတွေက တရားမဝင်ဘူးလို့လည်း ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။