တရားမဝင်ရွှေနဲ့ ပယင်းမှော်တွေကို ကြပ်မတ်ဖို့အဆို အတည်ပြု


2017.08.14
ohnwin-622.jpg ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကို သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ကချင်ပြည်နယ် တနိုင်းမြို့နဲ့ ဖားကန့်မြို့နယ်တွေမှာ တရားမဝင် ရွှေမှော်နဲ့ ပယင်းမှော်တူးဖော်နေတာတွေ ကို ပြည်ထောင်စုအစိုးရအနေနဲ့ ကြပ်မတ်ဆောင် ရွက်ပေးဖို့အဆိုကို ကန့်ကွက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိခဲ့ပေမယ့် မဲခွဲဆုံးဖြတ်တာမရှိပဲ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

တရားမဝင် ရွှေမှော်နဲ့ ပယင်းမှော် တူးဖော်နေ တာတွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော်မှာ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါတယ်။

"ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ ကျောက်မျက်ရတနာ အသေးစားနဲ့ လက်လုပ်လက်စားလုပ်ငန်းများအနေနဲ့ ပယင်းတူးဖော်ခွင့်၊ ရွှေသတ္တုအသေးစားနဲ့ လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခွင့်များကို ကချင်ပြည်နယ် အစိုးရက တရားဝင်လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် မတရားမဝင်ရွှေနဲ့ ပယင်းတူးဖော်မှုများ နောင်တွင်ဖြစ်ပွားခြင်းမရှိစေဖို့ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်"

အဲဒီအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ ဦးတို့က ဆွေးနွေးကြရာမှာ ပြည်ထောင်စုကြံ့ခိုင် ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တချို့က မထောက်ခံကြောင်း ဆွေးနွေးခဲ့ ကြပါတယ်။

ကချင်ပြည်နယ်က အဲဒီဒေသတွေမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့ တွေ ကြီးစိုးတဲ့ဒေသဖြစ်ပြီး လက်ရှိမှာလည်း တပ်မတော်နဲ့ တိုက်ပွဲတွေ မကြာမကြာဖြစ်ပွားတဲ့နေရာဖြစ်ပါတယ်။

နိုင်ငံရဲ့သယံဇာတ ဆုံးရှုံးမှုမဖြစ်အောင် နိုင်ငံ့ဘဏ္ဍာငွေ လေလွင့်မှုမရှိအောင် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ဆိုပြီး အဆိုရှင် ဦးလင်းလင်းဦးက သူ့အဆိုကို အတည်ပြုပေးဖို့တောင်းဆိုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒကိုရယူပြီး အဲဒီအဆိုကို အတည်ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။