ကျောက်စိမ်းကို လမ်းခင်းကျောက်လို ထုတ်နေတယ်လို့ ကိုယ်စားလှယ် ပြော


2018.02.08
khinmgwin-622 စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၇ က လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ကို တွေ့ရစဉ်
.

မြန်မာနိုင်ငံထွက် ကျောက်စိမ်းတွေကို လမ်းခင်းကျောက်ထုတ်သလိုထုတ်နေပြီး ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာ တရားမဝင်ကျောက်စိမ်း အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော် ထုတ်ယူခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၇ က ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ သံယံဇာတတွေ ပျက်စီးဆုံးရှုံးနေတာကို အမျိုးသားရေးတာဝန် တရပ်အနေနဲ့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးရာမှာ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက အခုလို ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

"Global Witness အဖွဲ့ရဲ့ ခန့်မှန်းချက်အရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် တရားမဝင် ကျော်စိမ်းထုတ်လုပ်မှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၂ မီလီယံခန့် ရှိနိုင်ကြောင်းနှင့် ထိုပမာဏဟာ ထုတ်ကုန်တန်ဖိုး GDP ရဲ့ ၄၈ ရာခိုင်နှုန်းနဲ့ ညီမျှကြောင်း သိရပါတယ်"

ဒါ့အပြင် ဖားကန့်ရတနာမြေမှာလည်း ၃၀ ရာခိုင်နှုန်းသာကျန်တဲ့အကြောင်းနဲ့ အခုစက်ယန္တရားအင်အားနဲ့ ဆက်လက်တူးဖော်ရင် နှစ်အနည်းငယ်အတွင်း ဖားကန့်ရတနာမြေ ပျောက်ကွယ်သွားမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် ၁၀ နှစ်အတွင်းမှာ ကျောက်စိမ်း ကီလိုဂရမ် ၃၆၁ သန်း ထုတ်လုပ်ခဲ့ပြီး တရုတ်နိုင်ငံက တရားဝင်တင်သွင်းတာ ကီလိုဂရမ် ၇၂ သန်းသာရှိတယ်လို့ မကြာသေးခင်က ကိုယ်စားလှယ်တစ်ဦး က ဆွေးနွေးထားပါတယ်။

ကချင်ပြည်နယ်ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဧရိယာ ဧက ၃၅,၀၀၀ ကျော်ရှိနေပြီး ပြီးခဲ့တဲ့ အစိုးရသက်တမ်း ကုန်ခါနီးမှာ ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်းရှိတဲ့ လိုင်စင်ပေါင်း ၂၀,၀၀၀ ကျော် ချထားပေးခဲ့တာကိုလည်းလို့လည်း ဝေဖန်ပါတယ်။

ဒီကနေ့အထိ အဲဒီအဆိုကို ကိုယ်စားလှယ် ၁၈  ဦးခန့် ဆွေးနွေးထားပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ အပြီးဆွေးနွေးပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ရယူမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။