တရားမဝင်သစ်ထုတ်တဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို တပ်မတော် ဖမ်းဆီး
2017.03.12

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာ တရားမဝင်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား ၁၁ ဦး နဲ့ သစ်တင်ယာဉ်ယန္တရားမျိုးစုံ ၉၉ စီးကို တပ်မတော်က မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို တပ်မတော်က ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားကြောင်း ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးသွင် က ပြောပါတယ်။
"ကျနော်တို့ဆီ လောလောဆယ်တော့ တရုတ်နိုင်ငံသား ၁၁ ဦးကို အပ်တယ်လေ၊ မြို့နယ် ရဲတပ်ဖွဲ့ကနေ ပြီးတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ မြို့နယ် လဝက ရဲ့ အစီအစဉ်နဲ့ ဆက်ပြီးတော့ ဆောင်ရွက်ရ မှာပေါ့ဗျာ၊ တရုတ် နိုင်ငံသားကျတော့၊ တရားမဝင် သစ်သယ်ဆောင်မှုကိုတော့ လုံးဝလက်မခံဘူး"
တရုတ်နိုင်ငံဘက် သစ်ခိုးထုတ်နေတယ်ဆိုတဲ့ သတင်းအရ မနေ့က မနက်ပိုင်းမှာ အစိုးရတပ်မတော် စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန်မှာ တရုတ်နိုင်ငံသား ၁၁ ဦးနဲ့ သစ်တင်ယာဉ် ယန္တရားမျိုးစုံ ၉၉ စီးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မံစီမြို့နယ် မံဝိန်းကြီးကျေးရွာအုပ်စု မံမော်ရွာရဲ့ အနောက်မြောက်ဘက်မှာ အစိုးရတပ်မတော်က ဖမ်းဆီးရမိခဲ့ တာဖြစ်ပါတယ်။
မတ်လ ၇ ရက်နေ့ကလည်း ဖားကန့်ဒေသမှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းက တရားမဝင် ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား ၅ ယောက်ကို ဖမ်းဆီးရမိပြီး ဖားကန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနထံ လွှဲပြောင်းပေးခဲ့ပါတယ်။
တရားမဝင်သစ်မှောင်ခိုသယ်ထုတ်သူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ်တွေကနေ တရုတ်နိုင်ငံဘက် သယ်ယူလေ့ရှိကြပါတယ်။
၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက ဝိုင်းမော်မြို့နယ်အတွင်းမှာ တရားမဝင် သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား အယောက် တစ်ရာကျော်ကို မူးယစ်ဆေးဝါးတွေ၊ ယာဉ်စက်ယန္တရားတွေနဲ့အတူ အစိုးရတပ်မတော် စစ်ကြောင်းတွေက ဖမ်းဆီးရမိတာတွေ ရှိခဲ့ပါတယ်။