တရားမဝင်သစ်တွေ ပိုင်ရှင်မဲ့ ဖမ်းမိရင် သစ်တောအရာရှိတွေကို သတိပေးအရေးယူမည်


2017.04.10
logging-620.jpg ခုတ်ယူထားတဲ့ သစ်လုံးတွေကို တွေ့ရစဉ်
Photo: Wai Mar Tun/ RFA

မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်တွေကို ဖမ်းဆီးရာမှာ ပိုင်ရှင်မမိဘဲ ပိုင်ရှင်မဲ့အဖြစ်သာ ဖမ်းဆီးရ မိတယ်ဆိုရင် သက်ဆိုင်ရာသစ်တော အရာရှိတွေကို ပြင်းပြင်းထန်ထန်သတိပေးတာနဲ့ အရေးယူမှုတွေ ပြုလုပ်သွား မှာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်ဇော် က ပြောပါတယ်။

အဲဒီလိုအရေးယူမှုတွေဆောင်ရွက်မယ့်အခြေအနေကို တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက သစ်တောရုံးတွေကို ပြီးခဲ့တဲ့မတ်လကုန်ကတည်းက စာနဲ့အသိပေးအကြောင်းကြားပြီး ဖြစ်တယ်လို့ ဝန်ကြီး ဦးမြင့်ဇော် က ပြောပါတယ်။

"သစ်ကို ရှိမှန်းသိပါရဲ့နဲ့ ပိုင်ရှင်လည်းသိပါရဲ့နဲ့ ပိုင်ရှင်မဲ့ဆိုပြီးတော့မှ တဖက်လှည့်နဲ့ အဂတိလိုက်စားမှုနဲ့ ဖြစ်သွား ရင်လည်း ကျနော်တို့က အရေးယူမယ် ဆိုတာကိုလည်း တရားဝင်စာနဲ့လည်း အကြောင်းကြား ပြီးပါပြီ။ တတိုင်း လုံးကိုလည်း ပြောထားပြီးပါပြီ။ အဲဒီမှာ အရာအားလုံးကိုတော့ ကျနော်တို့က အရေးယူမှာ မဟုတ်ပေမယ့် ခိုင်လုံ တဲ့အထောက်အထားရှိရင်တော့ တိကျစွာ ကျနော်တို့က ဒီအစိုးရသက်တမ်းလည်း တစ်နှစ်ပြည့်ပြီဆိုတော့ တိကျစွာအရေးယူပါ့မယ်"

လက်ရှိအစိုးရသက်တမ်း တစ်နှစ်ကျော်ကာလအတွင်း မကွေးတိုင်းဒေသကြီးမှာ တရားမဝင် သစ်တန်ချိန် ၂၀၀၀ ကျော်ဖမ်းဆီးရမိထားပြီး ဖမ်းဆီးရမိတဲ့ သစ်တွေထဲမှာ ပိတောက်၊ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ တမလန်း စတဲ့ သစ်အမျိုးအစားတွေ ပါဝင်တယ်လို့ သိရပါတယ်။

တရားမဝင်သစ်တွေကို ဖမ်းဆီးရမိရာမှာ သစ်တွေကို သယ်ဆောင်ဖို့ ပြင်ဆင်တဲ့ ၂၂ ဘီးယာဉ် ၊ ၁၀ ဘီးယာဉ်တွေပါ ဖမ်းဆီးမိပေမယ့် ယာဉ်မောင်းတွေကိုတောင် ဖမ်းမိတဲ့ အနေအထားမရှိတဲ့အတွက် သစ်တောဝန်ထမ်းတွေအနေနဲ့ အဂတိလိုက်စားမှုတွေ ရှိနေနိုင်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ တရားမဝင်သစ်တွေကို ပြည်ထောင်စုအစိုးရက တိုင်းနဲ့ပြည်နယ်အားလုံး အတွက် ပြန်လည်ရောင်း ချပေးရာမှာ မကွေးတိုင်းဒေသကြီးအစိုးရက ခွဲတမ်း တန်ချိန် ၄၀၀ ရရှိထားတယ်လို့ သိရပါတယ်။ အဲဒီတန်ချိန် ၄၀၀ ကို တိုင်းဒေသကြီးအတွင်းက လိုအပ်တဲ့မြို့နယ်တွေမှာ အသုံးပြုနိုင်အောင် ဒီလနဲ့မေလအတွင်းမှာ ရောင်း ချပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

စာသင်ကျောင်း၊ ဓမ္မာရုံ၊ စေတီပုထိုးပြင်ဆင်တာတွေမှာ အသုံးပြုနိုင်ဖို့အတွက် ဦးစားပေး ရောင်းချပေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။