ခေါင်လန်ဖူးမြို့နယ်မှာ တရားမဝင် သစ်ခိုးထုတ်နေတာတွေကို စစ်ဆေးမည်


2016.09.19
ohnwin-620.jpg သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း ကို လွှတ်တော်မှာ တင်ပြနေစဉ်
Photo: Win Ko Ko Latt/ RFA

တရုတ် - မြန်မာနယ်စပ်ဖြစ်တဲ့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ လုံခြုံရေး ကန့်သတ်ချက်ကြောင့် တရားမဝင် သစ်ခိုးထုတ်နေတာတွေကို ရှာဖွေ စစ်ဆေးနိုင်ခြင်းမရှိခဲ့တဲ့အတွက် တပ်မတော်အပါအဝင် အစိုးရဌာနဆိုင်ရာတွေ ညှိနှိုင်းပြီး စီမံချက်ချမှတ်စစ်ဆေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း က ပြောပါတယ်။

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူ က ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ အရှေ့ခြမ်း မြန်မာ- တရုတ်နယ်စပ်မှာ တရားမဝင်သစ်ခိုးထုတ်တာ၊ ယာဉ်ဝင်ယာဉ်ထွက်တာတွေနဲ့ ဘဏ္ဍာဝင်ငွေ ကောက်ခံရရှိမှုအခြေအနေကို လွှတ်တော်မှာ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တင်ပြခဲ့တာဖြစ်ပါတယ်။

"အဆိုပါနယ်မြေဟာ ဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိပါတယ်၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကန့်သတ်ချက်ရှိတဲ့ နယ်မြေဖြစ်တဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ဝေးလံခေါင်ဖျားတဲ့ နယ်စပ်ဒေသဖြစ်တဲ့အတွက်ကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ လုံခြုံရေးအပြည့်အဝယူပြီးသာမှ ရှာဖွေဖမ်းဆီးသွားနိုင်မှာဖြစ်ပါတယ်"

ကချင်ပြည်နယ်မှာ တပ်မတော်၊ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တရားမဝင်သစ်တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်၊ တရားခံ နိုင်ငံသား ၈၆၀ကျော်၊ တရားခံ နိုင်ငံခြားသား ၁၇၀ ကျော်နဲ့ ယာဉ်ယန္တရား ၁၆၀၀ နီးပါးတို့ကို ဖမ်းဆီးရမိထားပါတယ်။

ကချင်ပြည်နယ်ထဲက တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြို့နယ်တွေမှာ ရာသီဥတုဆိုးရွားမှု၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲတာတွေကြောင့် တရားမဝင်သစ်ခုတ်တာ၊ နယ်စပ်ဖြတ်ကျော် သယ်ဆောင်တာတွေကို စစ်ဆေးဆောင်ရွက်ဖို့ အခက်အခဲရှိနေကြောင်းလည်း ပြောခဲ့ပါတယ်။

တပ်မတော်စစ်ကြောင်းတွေက ကင်းလှည့်ပြီး ဒေသခံဌာနပြည်သူ့စစ်တွေ တရားမဝင်လုပ်ငန်းတွေ မလုပ်ကိုင်စေဖို့ တာဝန်ရှိသူတွေက ကြပ်မတ်နေတယ်လို့ ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ခေါင်လန်ဖူးမြို့နယ်မှာ နယ်စပ်ဂိတ်မဖွင့်ထားနိုင်တဲ့အတွက် ယာဉ်ဝင်ထွက်မှု စာရင်းကောက်ခံတာ၊ အခွန်ဘဏ္ဍာကောက်ခံတာမရှိဘူးလို့လည်း ဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။