နယ်စပ်ဂိတ်တွေမှာ ဗီဇာ စစ်ဆေးဖို့ မြန်မာသံရုံးသတိပေး


2018.08.02
myanmar-workers-622.jpg ထိုင်းနိုင်ငံ မဟာချိုင်ရှိ နေ့ချင်းပြီးစင်တာမှာ ဗီဇာသက်တမ်းတိုးဖို့အတွက် စောင့်ဆိုင်းနေကြတဲ့ မြန်မာလုပ်သားတွေကို ၂ဝ၁၈ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Ye Min - facebook

ထိုင်းနိုင်ငံမှာ ဗီဇာအတုကိုင်ဆောင်ထားသူ မြန်မာအလုပ်သမား ၁ဝဝ ဝန်းကျင် စစ်ဆေးတွေ့ရှိထားတာကြောင့် နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ ဗီဇာတွေကို စစ်ဆေးကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးလိုက်ပါတယ်။

ဗီဇာတွေကို နယ်စပ်ဂိတ်တွေမှာ စစ်ဆေးဖို့ ထိုင်းအစိုးရနဲ့ သဘောတူထားပြီးဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး က ပြောပါတယ်။

"စစ်ဆေးတွေ့ရှိတယ်လို့ သူတို့ဘက်က သတင်းကြေညာတာကတော့ ၉၇ ယောက်ရှိတယ်ပေါ့နော်။ အဲဒီမတိုင်ခင် ဗီဇာအတုကြောင့် စစ်ဆေးဖမ်းဆီးခံရတာ ၁၄ ယောက်လောက်ရှိတာပေါ့။ မဲဆောက်ဘက်မှာလေ။ ရနောင်း ဘက်မှာ ၇ ယောက်လောက်ရှိတယ်။ အခုလောလောဆယ်ကတော့ အဲဒီ ၉၇ ယောက်က ဘာလုပ်မယ်တော့ မပြောသေးဘူးပေါ့နော်။ ကာယကံရှင်တွေ နစ်နာမှု မရှိစေရေးပေါ့။ အတုဖြစ်သွားပြီဆိုရင် အတုအမှုဖြစ်သွား တာပေါ့နော်။ အဲဒီမတိုင်ခင်မှာ ကာယကံရှင်တွေ နစ်နာမှုမရှိအောင် ကိုယ့်ရဲ့ဗီဇာက အတုလား အစစ်လား သိအောင် pre check ပေါ့နော်။ ကိုယ်ကနေပြီးတော့ ကျနော့်ရဲ့ ဗီဇာ အတုလား အစစ်လား ကြည့်ပေးပါဆိုပြီး လုပ်လို့ရအောင် နယ်စပ်စခန်းတွေမှာ လုပ်လို့ရအောင်ပေါ့နော်။ pre check လုပ်လို့ရအောင် ထိုင်းနိုင်ငံဘက်ကို ညှိနိုင်းထားပေးတယ်ပေါ့နော်"

လက်ရှိစစ်ဆေးတွေ့ရှိတဲ့ ဗီဇာအတုတွေဟာ ထိုင်းနိုင်ငံသံရုံးကနေ တရားဝင်ထုတ်ပေးထားတာတွေ မဟုတ်ဘဲ ကြားခံပွဲစားတွေကနေတဆင့် လုပ်ဆောင်သူတွေဆီမှာ တွေ့ရှိတာလို့ပြောပါတယ်။ ကြားခံပွဲစားတွေကြောင့် ဗီဇာအတုကိုင်ဆောင်မှုနဲ့ ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသားတွေကို ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ မြန်မာသံရုံးက ထိုင်းအစိုးရကို မေတ္တာရပ်ခံထားပါတယ်။

ဗီဇာအတုကိုင်ဆောင်တာကို ထိုင်းနိုင်ငံအဝင်မှာ တွေ့ရှိတာမဟုတ်ဘဲ သက်တမ်းတိုးတဲ့အချိန်တွေမှာ စစ်ဆေးတွေ့ ရှိတာဖြစ်ပြီး သူတို့တွေကို အလုပ်သမား ပြန်လည်စေလွှတ်ရေးစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဗီဇာအတု ကိုင်ဆောင်ထားသူတွေကို ထိုင်းနိုင်ငံဥပဒေအရ ထောင်ဒဏ် ၆ လအထိ ချမှတ်ခံရနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။