မလေးရှားရောက် တရားမဝင်မြန်မာတွေ ရင်းဂစ် ၃ဝဝဝ ပေး အိမ်ပြန်နေရ

ခင်မောင်စိုး
2020.07.14

မလေးရှားနိုင်ငံရောက် တရားမဝင်မြန်မာအလုပ်သမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး မြန်မာနိုင်ငံပြန်ချင်ပေမယ့် အခု အချိန်အထိတော့ တရားဝင်ပြန်ခွင့် မရကြသေးပါဘူး။ တချို့ကတော့ ပွဲစားတွေနဲ့ ဆက်သွယ်ပြီး မှောင်ခိုလမ်းကြောင်းတွေနဲ့ ပြန်နေကြတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရက ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားတိုင်းပြည်တွေမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနေရာမှာ မလေးရှားရောက် မြန်မာတချို့လည်း ပါဝင်ပါတယ်။  ဒါပေမယ့် အခုအချိန်ထိ ပြန်လာသူတွေဟာ တရားဝင်သွားရောက်နေထိုင်သူတွေဖြစ်ပြီး တရားမဝင်သွားရောက်ခဲ့ကြတဲ့ အလုပ်သမားတွေကတော့ ပြန်ခွင့်မရကြသေးပါဘူး။  

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာပြည်ပြန်လိုတဲ့အတွက်  ကွာလာလမ်ပူမြို့က မြန်မာသံရုံးကို လျှောက်ထားတဲ့ တရားမဝင်အလုပ်သမားဦးရေက ၇ဝဝဝ ကျော်ရှိပြီး အဲဒီလူတွေထဲက ကျန်းမာရေးထိခိုက်နေသူတွေအပါအဝင် ဦးစားပေး လူ ၁၅ဝ ခန့်ကို မလေးရှားအစိုးရထံက ခွင့်ပြုချက်ရရင် အမြန်ဆုံးပြန်ခေါ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် သံရုံးက တရားဝင် ထုတ်ပြန်ချက်တော့ မရှိသေးပါဘူး။

မလေးရှားအစိုးရက သူတို့နိုင်ငံရောက် တရားမဝင် နိုင်ငံခြားအလုပ်သမားတွေကို ပြီးခဲ့တဲ့နှစ်က အထူးအစီအစဉ်အဖြစ် မလေးရှား ရင်းဂစ်ငွေ ၇ဝဝ ဒဏ်ငွေဆောင်ခိုင်းပြီး ပြန်ခွင့်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ပုံမှန်အတိုင်း ဒဏ်ငွေ ၃ဝဝဝ ကျော်အထိ ချမှတ်နေတယ်လို့ ဆိုပါတယ်။

တရားမဝင် မြန်မာတွေကို ပြန်ခေါ်ဖို့ မြန်မာအစိုးရနဲ့ မလေးရှားအစိုးရအကြား ညှိနှိုင်းနေတယ်လို့ ဆိုပေမယ့် အခုအချိန်ထိ မထူးခြားသေးဘူးလို့ မလေးရှားရောက် မြန်မာတွေကို အကူအညီပေးနေသူတဦးဖြစ်တဲ့ ဦးသီဟမောင်မောင် က RFA ကို ပြောပါတယ်။

“ မလေးရှားအစိုးရဘက်က green light မပြသေးဘူးပေါ့။ အဖြေတခုထွက်ရင် ကျနော်တို့  ဘာပဲဖြစ်ဖြစ် စလုပ်လို့ရတဲ့အနေအထားရှိနေပြီ။ စလုပ်လို့ရပြီဆိုရင် Immigration ကို ကျနော်တို့ ဒဏ်ငွေဆောင်ရမယ်။ လက်ဗွေသွားနှိပ်ရမယ်။ ဒါကတော့ သူ့ရဲ့လုပ်ရိုးလုပ်နည်းအတိုင်း သွားတာပေါ့နော်။ ဒါပေမဲ့ မလေးရှားအစိုးရက ခွင့်မပြုရင် ကျနော်တို့ဘာမှဆက်လုပ်လို့ မရဘူး။ အဓိက ကတော့ ဒဏ်ကြေးကိစ္စဖြစ်နေတယ်။ တည်ဆဲဥပဒေအရ အမြင့်ဆုံးဒဏ်ကြေးက ရင်းဂစ် ၃ဝဝဝ ရှိတယ်။ ဒါလဲ အလွယ်တကူ ပြန်လို့ရတဲ့ အနေအထားမျိုးတော့မဟုတ်ဘူး။ လောလောဆယ် ကျနော်ပြန်ချင်ပါတယ် သွားပြောရင် ကျနော်တို့ အထောက်အထားတွေ အကုန်လုံးကို ယူပြီးတော့ သူတို့ဘုတ်အဖွဲ့ကို တင်ရတယ်။ ဘုတ်အဖွဲ့က ပြန်ကျမှ ပြန်ခွင့်ရှိတယ်။ပထမတချက်က သူတို့ဒဏ်ကြေးကိစ္စ ညှိနှိုင်းနေတဲ့အပိုင်းရှိတယ်။ ဒုတိယအချက်က ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတဲ့အပေါ်မှာ လူစုလူဝေး မဖြစ်စေချင်လို့ပေါ့နော်။ အဲဒါကြောင့်ညှိနှိုင်းမှုတွေကို သူတို့လက်မခံနိုင်သေးတာလားလို့ ကျနော်ထင်တယ်”

တရားမဝင် မြန်မာအလုပ်သမား ကိုကျော်ကျော်ကတော့ အလုပ်လက်မဲ့ဖြစ်နေတာ ကြာပြီဖြစ်တဲ့ မြန်မာ အမြောက်အမြားဟာ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး တရားမဝင်လမ်းကြောင်းတွေနဲ့ မြန်မာပြည်ကို ပြန်နေကြတယ်လို့ ဆိုပါတယ်။  

“အခု ကျနော်တို့အိမ်က လူတွေပြန်တာ တချို့က မြန်မာပြည်က ပွဲစားဖုန်းနံပါတ်ကို လှမ်းဆက်သွယ်ပြီး ပြန်တယ်။ တချို့ကျတော့ မလေးရှားမှာ ရှိတဲ့ပွဲစားကို ဆက်သွယ်ပြီးပြန်တယ်။ သူတို့က လူတကိုယ် ကျောပိုးအိတ်တလုံးသယ်ခွင့်ပေးပြီး  အိမ်မှာလာခေါ်ရင် ဥပမာ KL ကနေ နယ်စပ်အရောက် ပို့ပေးခက ၂ဝဝ ရင်းဂစ်ပေးရတယ်။ နယ်စပ်ကနေ မြန်မာနိုင်ငံအရောက်ကို ၂၅ဝဝ ပေးရတယ်။ လမ်းမှာ ၂ မြို့ ၃ မြို့ ဖြတ်ပြီးတာနဲ့ ကားတစီးပြောင်းရတယ် ။ အချိန်က ၃ ညအိပ် ၄ ရက် ကြာပြီး မြန်မာနိုင်ငံတွင်းရောက်သွားပြီဆိုရင် သက်ဆိုင်ရာ Quarantine စင်တာတွေကို ကားငှားပြီး သွားပေါ့”

မလေးရှားမှာ တရားဝင်မြန်မာအလုပ်သမား ၂ သိန်းကျော်ရှိသလို တရားမဝင်ရောက်ရှိနေတဲ့ မြန်မာတွေကလည်း အဲဒီနည်းတူရှိတဲ့အတွက် စုစုပေါင်း မြန်မာအလုပ်သမား ၅ သိန်းခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်။  

ကိုအောင်အောင် ဆိုသူကတော့ တရားမဝင်ရောက်ရှိနေသူတွေထဲမှာ အလုပ်လက်မဲ့နဲ့ ငွေကြေးမရှိလို့ သူ့လိုလမ်းပျောက်နေသူတွေ အများကြီးပဲလို့ ပြောပါတယ်။

လက်ရှိမှာ တချို့လည်း ရှိတဲ့ ပိုက်ဆံလေးတွေရှိတာ ထိုင်စားနေရင်ကုန်မှာဘဲ စောင့်နေရင်မထူးဘူးဆိုပြီး ပြန်ကြတာ မလေးငွေ ၂ ထောင့် ၃ ရာလောက် အနည်းဆုံးပေးပြီးပြန်ရတယ်။ တချို့ဆို ၃ ထောင်ထိ ပေးရတယ်။ ဒါပမယ့်  ကျနော်တို့တကယ်မရှိတဲ့သူတွေကျတော့ မပြန်နိုင်တဲ့အတွက် အလုပ်ရှိတဲ့သူငယ်ချင်းတွေဆီမှာ လိုက်ကပ်နေ၊ သူတို့ရှိမှာ ရှိတာလေး လိုက်ကပ်စား၊ နိုင်ငံတော်အစိုးရက အမေစုက ပြန်ခေါ်မယ်ဆိုတာကို ကျနော်တို့မျှော်လင့်တကြီးနဲ့ စောင့်နေပါတယ်”

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတခုလုံးက လူသားတွေရဲ့ဘဝတွေအပေါ် အကျိုးသက်ရောက်မှုတွေ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါပြီ။ ဒီကပ်ရောဂါရဲ့ အကျိုးဆက်ကို ခံစားနေရသူတွေထဲမှာ မလေးရှားရောက် တရားမဝင် မြန်မာတွေရဲ့ ဘဝကတော့ တခြားသူတွေထက် ပိုမိုဆိုးဝါးတယ်လို့ ဆိုနိုင်ကြောင်းပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။