မလေးရှားမှာ ၅ ရက်အတွင်း မြန်မာ အလုပ်သမား ၂ဝဝ ကျော် အဖမ်းခံရ
2017.07.06

မလေးရှားနိုင်ငံမှာ ဇူလိုင် ၁ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း တရားမဝင် မြန်မာအလုပ်သမား အယောက် ၂ဝဝ လောက် အဖမ်းခံထားရတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကွာလာလမ်ပူမြို့တာဝန်ခံ ဦးဆန်းဝင်းက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ E-card လို့ခေါ်တဲ့ တရားဝင်အလုပ်လုပ်ခွင့်ကတ်လုပ်ဖို့ ဒီနှစ်ဖေဖော်ဝါရီကနေ ဇွန်လကုန် အထိ အချိန်ပေးထားပြီး သတ်မှတ်ရက်အတွင်း တရားဝင်အလုပ်လုပ်ခွင့်ကတ် မလုပ်ရသေးတဲ့ အလုပ်သမားတွေ ကို ဒီလကစပြီး ဖမ်းဆီးနေတာဖြစ်တယ်လို့ ဦးဆန်းဝင်းက ပြောပါတယ်။
"မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီးတော့ ပါမစ်လုပ်ဖို့ E-card system ဆိုတာကို သူတို့ စလုပ်ခိုင်းတယ်။ ဇွန်လ ၃ဝ ရက်နေ့အထိကို သူတို့သတ်မှတ်ထားတယ်။ သူတို့သတ်မှတ်ချက်အရ ဒီမှာရှိတဲ့ Over Stay ကို ခန့်မှန်းခြေလူ ၆ သိန်းလောက်ရှိမယ်လို့ E-card လုပ်မယ်လို့ သတ်မှတ်ထားတာ၊ အခု လက်ရှိအနေထားမှာ E-card ဆိုတဲ့ ကတ်ကလေးကို လုပ်ပြီးရင် ပါမစ်လုပ်မယ့်သူက တစ်သိန်းပတ်ဝန်း ကျင်လောက်ပဲရှိမယ်။ အဲ့တော့ မလေးရှား Immigration ဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကနေ ပြီးတော့ တော်တော်များများကို အဖမ်းဆီး ပြန်လုပ်နေတယ်ပေါ့လေ။ "
မလေးရှားနိုင်ငံက မြို့အတော်များများမှာရှိတဲ့ ကုန်တိုက်တွေ၊ အခွန်မဆောင်တဲ့ စက်ရုံတွေ၊ ဆောက်လုပ်ရေးလုပ် ငန်းတွေကို မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ပြည်ထဲရေးဌာန တာဝန်ရှိသူတွေက ဝင်ရောက်ဖမ်းဆီး ကြတာဖြစ်တယ်လို့ ပြောပါတယ်။
မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၆ သိန်းလောက်ရှိမယ် လို့ ခန့်မှန်းထားပေမဲ့ တရားဝင်အလုပ်လုပ်ခွင့်ကတ် လာလုပ်တဲ့အလုပ်သမား အရေအတွက် ၁ သိန်းလောက်သာ ရှိတယ်လို့ သိရပါတယ်။