ကိုရိုနာကြောင့် နေရပ်ပြန်ချင်တဲ့ မြန်မာလုပ်သားတွေ အခက်ကြုံနေ

ဇင်မာဝင်း
2020.02.14

ကိုဗစ်နိုင်တီးန်လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်ထားတာကြောင့် တရုတ်ပြည်မှာ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ နေရပ် ပြန်လိုပေမယ့်  အခက်အခဲတွေရှိနေပါတယ်။

တရုတ်နိုင်ငံအတွင်း ကိုဗစ်နိုင်းတီးန်ဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကြောင့် မြို့ကြီးတော်တော်များများကို တရုတ် အာဏာပိုင်တွေက ပိတ်ဆို့ထားပါတယ်။ ဒီလိုပိတ်ဆို့မှုတွေကြောင့် အဲမြို့ကြီးတွေအတွင်းတရားမဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံပြန်ဖို့ အခက်ကြုံနေရတာကို ကူညီဖြေရှင်းပေးဖို့ တရုတ်ပြည်မှာရှိတဲ့မြန်မာသံရုံးတွေ မြန်မာကောင်စစ်ဝန်ရုံးတွေက ဖုန်းနံပါတ်တွေ ထုတ်ပြန်ထားပါတယ်။

တကယ်တော့ တရားမဝင် မြန်မာအလုပ်သမားတွေကို မြန်မာသံရုံးက တိုက်ရိုက်လာပြီးခေါ်ဆောင်ခွင့်မရှိပါဘူး။

သူတို့ကိုခေါ်နိုင်ဖို့ တရုတ်ရဲကို သံရုံးကအကူညီတောင်းရပါတယ်။ သံရုံးရဲ့တောင်းခံချက်ကြောင့် ရဲက လာခေါ်မယ့်အဖြစ်ကို မြန်မာအလုပ်သမားတွေက မလိုလားကြပါဘူး။

ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံမရောက်ဘဲ အဖမ်းခံမှာစိုးရိမ်နေကြတာပါ။

ရဲဖမ်းမှာကိုကြောက်လို့ သံရုံးကို အကူညီမတောင်းရဲဘူးလို့ စစ်တွေမြို့ကနေ ကွမ်တုန်ပြည်နယ်ကို သွားရောက်လုပ်ကိုင်နေတဲ့ ကိုမောင်မြင့်က ပြောပါတယ်။

“သံရုံးကိုဖုန်းဆက်တော့ We Chat အကောင့်တွေ ဘာတွေတောင်းတယ် ကျနော်တို့လည်းမလုပ်တတ်ဘူး၊ ပြန်မယ်ဆိုလိုရှိရင် ဗိုင်းရပ်စ်စစ်ခိုင်းတယ် ရောဂါမရှိရင်လည်း မပြန်ခိုင်းဘူး လူစုလူဝေးမလုပ်ခိုင်ဘူး၊ ကျနော်တို့က အဲမှာ အကြာကြီးဖမ်းထားမှာကြောက်နေတာ၊ ထောင်တစ်လ နှစ်လချတယ်လို့ကြားလို့ ကြောက်နေကြတာ၊ အဲကြောင့်မဆက်သွယ်ရဲဘူး”

ဒီလို ဖုန်းနံပါတ်တွေထုတ်ပြန်ပေမယ့် အလုပ်သမားရှိတဲ့နေရာတောင်းတာ၊ အထောက်အထား တောင်းတာတွေ ရှိတာကြောင့် မြန်မာအလုပ်သမားတွေအနေနဲ့ တရုတ်ရဲတွေက ခေါ်ယူတာကို ထောင်ချလိုက်မှာကို စိုးရိမ်နေကြပါတယ်။

တရုတ်ရဲတွေက လာခေါ်တာဟာ ဖမ်းဆီးဖို့မဟုတ်ဘဲ အချက်အလက်သိချင်လို့မေးမြန်းမှာဖြစ်တာကြောင့် ကြောက်စရာမလိုဘူးလို့ တရုတ်နိုင်ငံဘေကျင်းမြို့ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းကပြောပါတယ်။

“ပါလာတဲ့ အထောက်အထားတွေမှန်သမျှ ပို့ပေးပါဆိုပြီး ကျွန်တော်တို့ဆီက စာတွေထုတ်တာပေါ့။ မြန်မာနိုင်ငံမှာ ပြောနေသလိုဟာမျိုးတော့ မဟုတ်ပါဘူး။ ဖမ်းပြီး ထောင်ချမှာတွေ အဲလိုမျိုးတွေ မရှိပါဘူး။ ပုံမှန်အချိန်မှာတည်းက သူတို့က ၁၄ ရက် သို့မဟုတ် တစ်လ အဲဒီပတ်ဝန်းကျင်မှာ ထိန်းသိမ်းထားတာ ကျွန်တော်တို့ဆီက စီရောဖိုင်ဆိုတဲ့ စာအုပ်ကို တရုတ်ရဲဌာနကို ပေးလာတဲ့ အခါကြရင် မြန်မာနိုင်ငံသားတွေကို ပြန်ပို့ပေးတယ်။”

သံရုံးဘက်က ရှင်းပြတဲ့အချက်အလက်တွေဟာ တရားမဝင် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးအတွက် စိတ်ချလောက်တဲ့အထိ ပြည့်စုံမှုမရှိသေးလို့ အလုပ်သမားတွေဘက်က စိုးရိမ်နေတဲ့အကြောင်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကနေ တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့သူတစ်ဦးကပြောပါတယ်။

“ဖြစ်စေချင်တာကတော့ နှစ်ရက်သုံးရက်အတွင်း မြန်မာပြည်ကိုပြန်ပို့ပေးမယ်ဆို အဖမ်းခံချင်တာပေါ့ဗျာ၊ သံရုံးကပြောတာကတော့ သူတို့ကထိန်းသိမ်းမယ်ပေါ့လေ၊ တစ်လ နှစ်လ သုံးလပေါ့လေ၊ ဒီလိုကြီး လအရှည်ကြီးထိန်းသိမ်းမယ်ဆိုတာက မဖြစ်နိုင်ဘူးလေ၊ ၁၅ရက်ထိ ကျနော်တို့လက်ခံတယ်”

တရုတ်နိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမားတွေဟာ ကိုဗစ်နိုင်းတီန်းဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နှစ်သစ်ကူးပြီးနောက်ပိုင်း တရားမဝင် မြန်မာအလုပ်သမားတွေကို တရုတ်အလုပ်ရှင်တွေက အလုပ်မဆင်းခိုင်းတော့ပါဘူး။

တည်းခိုးခန်းတွေမှာငှားနေဖို့ အခက်အခဲတွေလည်းရှိနေတာကြောင့် တချို့ တရားမဝင်မြန်မာအလုပ်သမား တွေဟာ တောထဲမှာသွားနေရတာတွေလည်း ရှိနေပါတယ်။

တစ်မြို့ကနေ တစ်မြို့သွားလာဖို့ လမ်းတွေပိတ်ဆို့ထားတာကြောင် သူတို့ကိုကူညီမယ့် မြန်မာလူမှုရေးအဖွဲ့တွေ အတွက်လည်း အခက်ကြုံနေတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ တရုတ်နိုင်ငံရွှေလီမြို့အခြေစိုက် မိုးမခဖောင်ဒေးရှင်းနာယက ဒေါ်မိုးမခက ပြောပါတယ်။

“ကျွန်မတို့ လမ်းကြောင်းတွေ ဖွင့်လို့ရှိရင် ကျွန်မတို့အနေနဲ့ ကားစီစဉ်ပေးလို့ရတယ်၊ ခေါ်ပေးလို့ရတယ်၊ ခေါ်ထုတ်ပေးလို့ရတယ်။ အခုတော့ ကားလမ်းတွေကလည်း တရုတ်ဘက်ကလည်း အကုန်လုံး ပိတ်ဆို့ထားပြီးပြီ အဲဒီအခါမှာ အရမ်းခက်ခဲတာပေါ့။ ခက်ခဲတဲ့အခါ ကယ်ချင်တယ်၊ ကူညီချင်တယ်။ အဲဒါ ကူညီလို့မှမရတာ အဲဒါဆို ကျွန်မတို့က သံရုံးကနေ ချိတ်ပေးမှ အဆင်ပြေတော့မှာလေ။”

တရုတ်နိုင်ငံအတွင်း တရားမဝင်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားဦးရေ သောင်းနဲ့ချီရှိတယ်လို့ အလုပ်သမားကူညီရေးအဖွဲ့တချို့က ခန့်မှန်းပါတယ်။ ဒီအဖွဲ့အစည်းတွေကို မြန်မာပြည်ပြန်ဖို့ အကူညီတောင်းနေတဲ့ အလုပ်သမားတွေလည်း နေ့စဉ်ရာနဲ့ချီရှိပါတယ်။

မြန်မာပြည်ပြန်နိုင်ရေး  RFAကို ဆက်သွယ်အကူညီတောင်းနေတဲ့ သူတွေလည်း အများအပြားရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။